Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း International Medical Corps (IMC) အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်

နေပြည်တော် မေ ၁၉

အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် International Medical Corps (IMC)အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌကိုယ်စား တက်ရောက်သည်။

ဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် နိုင်ငံတော်၏အရေးပေါ်အခြေအနေတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဆေးအဖွဲ့ပေါင်း ၂၈ ဖွဲ့ လာရောက်ကူညီပေးခဲ့ပြီး International Medical Corps (IMC) အဖွဲ့လည်း အပါအဝင်ဖြစ်ပါ ကြောင်း၊ IMC ဆေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ ၌ ဧပြီ ၁၉ ရက်မှ မေ ၁၈ ရက်အထိ တစ်လအကြာ ယာယီအရေးပေါ်ဆေးခန်းဖွင့်လှစ်ကာ ပြင်ပလူနာစုစုပေါင်း ၁၄၀၀ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါကြောင်း၊ ထို့အပြင် ဆေးနှင့် ဆေးပစ္စည်းများ၊ ယာယီတဲများနှင့် အဆောက်အအုံသုံးပစ္စည်းများအား လှူဒါန်းသည့်အတွက် ကျေးဇူးများစွာတင်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ IMC အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Mr.Syed Yasir Ahmed က IMC အဖွဲ့၏ ဆေးကုသမှု များဆောင်ရွက်ရာတွင် အစစအရာရာ အဆင်ပြေချောမွေ့အောင် စီစဉ်ပေးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၃၀၀မှ ဆေးရုံအုပ်နှင့် ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌကိုယ်စား IMC အဖွဲ့သို့ ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ IMC ဆေးအဖွဲ့သားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်