Skip to main content

တရားမဝင်သစ်မျိုးစုံ၊ Moissanite စိန်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

မေ ၁၆ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာခုနစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၆၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Myanmar National Airlines လေယာဉ်ခရီးစဉ်အမှတ် MU-2031/ SF-4704 ဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် တရုတ်နိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စိန်ဟုယူဆရသော (Moissanite) အဖြူရောင်ကျောက်အပွင့်ဆိုက်စုံ ၆၄၅ ပွင့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂၁၅၀၀၀၀) ကိုလည်းကောင်း၊ မေ ၁၇ ရက်တွင် အမှတ်(၂)လမ်းမကြီး၊ စီးပွားရေးတက္ကသိုလ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၀၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ အင်းတကော်တာဆုံအနီး Max ဆီဆိုင် အရှေ့၌သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ngwe Kyair Sin Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၂၁၃၆၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

မေ ၁၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ(၅)လမ်းရှိ ကမ်းနားဆိပ်အနီး၌စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းငါးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၈၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်အနီး၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀) ကိုလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၁၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၆၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၄၇၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၃၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၆၂၇၇၃၄၀)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်