ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ကြက်၊ ဘဲ၊ ငုံးခြံများတွင် အဆိုပါရောဂါကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန်လိုအပ်ပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(၁) ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊
(၂) ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊
(၃) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့် ယာဉ်အဝင်အထွက် ထိန်းချုပ်ကန့်သတ်ရန်၊
(၄) ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊
(၅) မွေးမြူရေးခြံအတွင်းသို့ ဝင်ရောက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊
(၆) ကြက်၊ ငှက်များကို ကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊
(၇) အသားနှင့် ဥတို့ကို သေချာစွာကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးရန်၊
(၈) ကြက်၊ ငှက်များပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊
(၉) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန