Skip to main content

ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပေါင်းလောင်းရေလှောင် တမံအပေါ်ယံ အက်ကြောင်းများဖြစ်ပေါ်ခဲ့မှုအပေါ် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပထမအဆင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြင်ဆင်ဆောင်ရွက်ရန်စတင်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပြင်ဆင်ဆောင်ရွက်ရာတွင် လက်ရှိပျက်စီးနေမှုနှင့် ပျက်စီးနိုင်ခြေရှိသောအခြေအနေများအပေါ် အခြေခံကာ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ ရရှိလာသော ဒီဇိုင်းများအပေါ် ရေရှည်ခိုင်ခံ့မှုကောင်းမွန်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ပေါင်းလောင်းတမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အသေးစိတ်ကြည့်ရှုနိုင်ရန် Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး လက်ရှိစစ်ဆေးတွေ့ရှိမှုအခြေအနေများအရ ရေလှောင်တမံကြံ့ခိုင်လုံခြုံမှု အခြေအနေမှာကောင်းမွန်ပြီး စိုးရိမ်ရန်မရှိကြောင်း၊ ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံရေလှောင်တမံတစ်ခုဖြစ်ပြီး လျှပ်စစ်ထုတ်လွှတ်ရေမှ ပိုလျှံရေများကို ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး (၂၀၂၄-၂၀၂၅) ခု နွေစပါးရေပေးရာသီတွင် နွေစပါးနှင့် နွေသီးနှံဧက ၉၁၇၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုဆည်ရေသောက် ဧရိယာအတွင်းရှိ ကျောက်အိုးလျှိုပိတ်တမံ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တမံကိုယ်ထည်နှင့် ရေထုတ်ပြွန်ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)၌ ဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်