Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့တော်ခန်းမနှင့် နေပြည်တော်ကောင်စီရုံး ပြန်လည်ပြုပြင်နေမှုများ ကြည့်ရှုစစ်​ဆေး

​နေပြည်​တော် မေ ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်အတူ ငလျင်‌ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမအ​ဆောက်အအုံ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ထိခိုက်ပျက်စီးသည့် အစိတ်အပိုင်းများအား စနစ်တကျဖယ်ရှားရှင်းလင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ အမြန်ပြီးစီးအောင် ပြုပြင်‌ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် အဆင့်ဆင့်သော ကော်မတီများမှ လုပ်ငန်းတာဝန်များကို ရွေးကောက်ပွဲမကျင်းပမီ အချိန်အထိ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက အမြဲမပြတ် ဆွေးနွေးညှိနှိုင်းအလေးနက်ထားဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ငလျင်ဘေးဒဏ်‌ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီရုံး ပြန်လည်ပြုပြင်နေမှုအခြေအနေများကို သွားရောက်စစ်ဆေးပြီး အဆောက်အအုံများပြုပြင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော SOP နှင့်အညီ ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရေးအပိုင်းလိုက် အမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်