နေပြည်တော် မေ ၁၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)နေပြည်တော်၌ Semivirtual စနစ်ဖြင့် ကျင်းပသည့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မကြာမီတွင် မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ငလျင်ကြီးကြောင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများဖြစ်ပွားလာပါက ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စောစီးစွာဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။
ရောဂါဖြစ်ပွားမှုအား စောစီးစွာသိရှိကာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ခြင်လောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းများ၊ ယာယီစခန်း စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရောဂါဖြစ်ပွားမှုရှိပါက ထိရောက်စွာကုသမှုပေးရေးနှင့် ဆေးနှင့်ဆေးပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲမှုများကို ဆက်လက်အားဖြည့်ကာ အလေးပေးဆောင်ရွက်ကြစေလိုပါကြောင်း။
ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်နှင့် အရေးပေါ်အခြေအနေများတွင် အသုံးပြုရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်၍ သဏ္ဌာန်တူလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ထားရှိစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကိုမှာကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် အကြံပြုတင်ပြချက်များကို တင်ပြဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်