ရန်ကုန် မေ ၇
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Bo Min Bo Co.,ltdမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် Bo Min Bo Co.,ltd မှ တာဝန်ရှိသူများက တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန (ရုံးသစ်) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရုံးသစ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးအားကစားနှင့် ကာယပညာဦးစီးဌာန (ရုံးသစ်) အား တည်ဆောက်သည့် Bo Min Bo Co.,ltd မှ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက လက်ခံရယူသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ ရောက်ရှိပြီး ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး အစိုးရဘတ်ဂျက် ငွေကျပ် သန်း ၅၄၀၀ ဖြင့် တည်ဆောက်နေသည့် အလျားပေ ၂၀၀၊ အနံပေ ၁၅၀ ရှိ လူဦးရေ ၂၁၀၀ ဆံ့ မြသီတာမိုးလုံလေလုံ အားကစားရုံနှင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ကျပ်သန်း ၇၇၂ ဒသမ ၅၄ ဖြင့် တည်ဆောက်နေသော မြသီတာဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား အသေးစိတ်မှာကြားသည်။
ယင်းနောက် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော ပဏာမလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှု၊ ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ စခန်းဝင်လေ့ကျင့်နေသည့် ပဏာမလက်ရွေးစင်ဘိလိယက်နှင့် စနူကာအားကစားသမားများ လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုပြီး အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျိုက္ကဆံကွင်းအတွင်းရှိ ပဏာမလက်ရွေးစင်အားကစားသမားများ ထားရှိရာ လေးထပ်အိပ်ဆောင်ရှိ စားရိပ်သာ၌ ပဏာမလက်ရွေးစင်အားကစားသမားများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်သည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိ၍ ပဏာမလက်ရွေးစင်သေနတ်ပစ်အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) လေ့ကျင့်ရေးကွင်း (၁) ၌ ကျင်းပနေသည့် မြန်မာနေရှင် နယ်လိဂ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ၌ သစ္စာအားမာန်ဘောလုံးအသင်းနှင့် ISPE ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်