ရန်ကုန် မေ ၅
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံငလျင်သမိုင်းကြောင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်တမ်း ဗီဒီယိုကလစ်ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လုပ်ဆောင်နေသည့်အချိန်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ခွန်အားပေးနိုင်ရန် အနုပညာရှင်များအနေဖြင့်ကြိုးပမ်း ပေးရမည်ဖြစ်ကြောင်း၊ နောင်တွင်ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရမည်ဟု နိုင်ငံတော်အကြီးအကဲက ညွှန်ကြားထားသည့်အတွက် ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် အဖြစ်ဆိုးများနောင်တွင် မကြုံတွေ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အနုပညာရှင်များအနေဖြင့် နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါတိုင်း မိမိတို့တတ်ကျွမ်းသည့် အနုပညာစွမ်းအားဖြင့် ရန်ပုံငွေ ရှာဖွေပါဝင်ကူညီခဲ့ကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊၊
နိုင်ငံတော်တွင် မည်သို့ပင်အခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ အနုပညာရှင်များက ပြည်သူများအား အနုပညာဖြင့် ဖမ်းစားနိုင်သည့်အတွက် ပြည်သူများ၊ ဝန်ထမ်းများအား မိမိတတ်ကျွမ်းသည့် အနုပညာဖြင့် ပျော်ရွှင်တက်ကြွစေပြီး စိတ်ခွန်အားဖြည့်ပေးကြစေလိုပါကြောင်း၊ မေ ၁၀၊ ၁၁၊ ၁၂ ရက်တွင် အမျိုးသားကဇာတ်ရုံ (ရန်ကုန်) ၌ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များစုပေါင်း၍ ရန်ပုံငွေပဒေသာကပွဲကျင်းပရန် စီစဉ်ထားပြီးဖြစ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းကြစေလိုကြောင်း၊ ယခု ပဒေသာကပွဲသည် ရန်ပုံငွေရရှိရေးသက်သက်သာ မဟုတ်ဘဲ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုကို ပြသသည့်ပွဲလည်းဖြစ်သဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါဟု ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်၊ မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးချမ်းသာကြည်စိုးနှင့် တက်ရောက်လာကြသူများက မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် မေ ၁၀ရက်မှ ၁၂ ရက် အထိ သုံးရက်တိုင်တိုင် ညနေ ၅နာရီခွဲမှ ည ၁၀နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
သတင်းစဉ်