နေပြည်တော် မေ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ အဖျောက်သဘာဝဓာတ်ငွေ့မြေ၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများသို့ သွားရောက်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ခဲ့မှုအခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် စပါးကြီးစမ်း - နတ်စင်ကုန်းဒေသတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ဒုတိယဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများနှင့်အတူ အဖျောက်သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက အဖျောက်သဘာဝဓာတ်ငွေ့မြေ၏ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့်အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ တွင်းဟောင်းများ၏ ပါးလွှာသဲကြောများကို ပြန်လည်လေ့လာတွက်ချက်သုတေသနပြုလုပ်၍ စမ်းသပ်ထုတ်လုပ်ခဲ့ရာမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အခြားသောရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင်လည်း ယခုကဲ့သို့ ရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရေနံမြေဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့် တွင်းအမှတ် (၅၆) ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်နိုင်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများ၊ တွင်းသစ်တူးဖော်နိုင်ရေး စီမံဆောင်ရွက်ထားမှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်က ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းသည် အရင်းအနှီးကြီးမားပြီး စွန့်စားရမှုလည်း မြင့်မားပါကြောင်း၊ အနာဂတ်ကာလများတွင် MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်သည် မလွဲမသွေ မြင့်တက်လာမည်ဖြစ်၍ တိုးမြင့်လာမည့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ကြိုတင်မျှော်မှန်း၍ ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး နှစ်အလိုက် အကောင်အထည်ဖော်မည့်အစီအမံများပြုလုပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်တမ်းရင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများရှိ တွင်းဟောင်းများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ် သကဲ့သို့ တွင်းသစ်များတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ ရှာဖွေ ဖော်ထုတ်ခြင်းများကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရေနံမြေဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၀) နှင့် (၁၃) တို့ကို သွားရောက်၍ လေဆီ (Condensate) နှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ စပါးကြီးစမ်း-နတ်စင်ကုန်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်က တိုင်းတာရရှိလာသည့် ဆိုက်စမစ်အချက် အလက်များကို Processing ၊ Interpretation လုပ်ငန်းများမြန်ဆန်စွာ ပြုလုပ်ရန်နှင့် အလားအလာကောင်းသည့် နေရာ များတွင် တွင်းသစ်များ တူးဖော်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် စပါးကြီးစမ်း-နတ်စင်ကုန်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်နိုင်ရေးအတွက် လိုင်းဆိုက်စမစ် (2D Seismic) တိုင်းတာနေမှုအခြေအနေ၊ တိုင်းတာရရှိသော အချက်အလက်များကို မှတ်တမ်းရယူနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်