နေပြည်တော် မေ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဆင်သေရေလွှဲဆည်၏ လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးများမှတစ်ဆင့် လက်တံမြောင်းခွဲများသို့ ရေပို့လွှတ်နေမှု၊ ရေသောက်ဧရိယာအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ခင်းများသို့ စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ဆည်ရေသောက်တောင်သူများနှင့်တွေ့ဆုံ၍ ဆင်သေဆည်ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့် နွေသီးနှံလျာထားဧရိယာများအားလုံးသို့ စိုက်ပျိုးရေအမြန်ဆုံးနှင့်အချိန်မီရောက်ရှိစေရေးအတွက် တောင်သူများကိုယ်တိုင်ကလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြင့် စနစ်တကျစီမံဆောင်ရွက်ကြရန်နှင့် တောင်သူများအားလုံး စိုက်ပျိုးရေကို မျှတစွာခွဲဝေသုံးစွဲကြရန် မှာကြားသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆင်သေရေလှောင်တမံမှ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါး/နွေသီးနှံ မူလလျာထားဧက ၈၀၀၀ ကျော်ရှိရာ မန္တလေးငလျင်ကြီးအပြီး မေ ၂ ရက်အထိ ဧက ၇၀၀၀ ကျော် စိုက်ပျိုးရေပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ရေသောက်စနစ်များ ပျက်စီးထိခိုက်ခဲ့သဖြင့် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအနီးရှိ နွေစပါးစိုက်ခင်းများသို့ ဆည်ရေအချိန်မီမရောက်ရှိသည့်အတွက် သီးနှံအထွက်နှုန်းလျော့ကျမှုမရှိစေရေး လိုအပ်သည့်နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနက တောင်သူစိုက်ကွင်းအရောက် ကွင်းဆင်းဖြန့်ဝေပေးကြရန်၊ မြေအောက်ရေနှင့် ဆိုလာတွင်းများအနီးရှိ စိုက်ဧကများတွင် မိုးစပါးစိုက်ပျိုး၍ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံရေလိုအပ်ချက်အတိုင်း စိုက်ပျိုးရေပေးဝေရန်၊ နွေစပါးအပြင်အထွက်နှုန်းကောင်းသော စီးပွားဖြစ်သီးနှံများစိုက်ပျိုးနိုင်ရေး တောင်သူများကို မြေပုံနှင့်တကွ ရှင်းပြတိုက်တွန်း ပညာပေးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်