Skip to main content

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၁

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁ ရက်အထိ သေဆုံးသူ ၃၈၃၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦးရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံး သူ ၇၇၉ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၃၀ ရက် ည ၇ နာရီမှ မေ ၁ ရက် ညနေ ၅ နာရီအတွင်း မြန်မာထိုင်ဝမ်ကုန်သည်ကြီးများအသင်းမှ လှူဒါန်းသည့် ခြင်ထောင်၊ ခေါက်ဆွဲခြောက်နှင့် ရွက်ဖျင်တဲစုစုပေါင်းတန်ချိန် ၁ ဒသမ ၃၄၂ တန်နှင့် Full Moon Services Ltd မှ မှာယူ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ငလျင်ဘေးသင့်ဝန်ထမ်းများ အသုံးပြုနိုင်ရန် လှူဒါန်းသည့် ရွက်ဖျင်တဲတန်ချိန် ၃ ဒသမ ၁ တန် ရောက်ရှိခဲ့သည်။

အဆိုပါထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။                            

သတင်းစဉ်