နေပြည်တော် မေ ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအတွက် ယာယီဆောက်လုပ်နေရာချထားပေးခဲ့သော အမှုထမ်းနှင့် အရာထမ်း အိမ်ရာများသို့ သွားရောက်၍ ရေ၊ မီး အဆင်ပြေမှုရှိ/ မရှိ၊ သန့်စင်ခန်းများ ကောင်း မကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး မိုးတွင်းရေမဝပ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသော လယ်ဝေးမြို့ မဟာစည်သာသနာ့ရိပ်သာသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ မိုးတွင်းကာလရုံးဖယ်ရီကားများ မိုးလုံလေလုံဖြစ်စေရေး၊ ဝမ်းလျှော ဝမ်းပျက်ရောဂါများ မဖြစ်အောင် ဂရုပြုရေးမှာကြားသည်။
ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လယ်ဝေးမြို့နယ်ရုံး မြေနေရာတွင် အရာထမ်းနှစ်ခန်းတွဲအိမ်ရာ ၁၀ လုံး ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ပြီးစီးရေး၊ အခန်းအလိုက်ထားရှိပေးမည့် ခုတင်များ ပြီးစီးအောင် ဆောင်ရွက်ပေးရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပျဉ်းမနားမြို့ မြောက်လွတ်ကုန်းသင်တန်းကျောင်းသို့ သွားရောက်၍ အရာထမ်းနှစ်ခန်းတွဲအိမ်ရာ ခုနစ်လုံးဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပျဉ်းမနားရိပ်သာသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် သက်ဆိုင်ရာက အပြာရောင်အဆင့် သတ်မှတ်ချက်ဖြင့် ပြန်လည်နေရာချထားပေးပြီး ဖြစ်သည့် သဇင် (၁)၊ သဇင် (၄)၊ သဇင် (၆) ဝန်ထမ်းအပျိုဆောင်များသို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်