မွန်ဘိုင်း မေ ၁
“အိန္ဒိယသည် ဆန်းသစ်တီထွင်မှု၏ ဗဟိုချက်ဖြစ်ရမည်” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES - 2025) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဂျေရိုကမ္ဘာ့ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြသည်။
မိန့်ခွန်းပြောဖွင့်လှစ်ပေး
ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Narendra Modi က တက်ရောက်၍ မိန့်ခွန်းပြောဖွင့်လှစ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံ၏ မီဒီယာနှင့်ဖျော်ဖြေရေးကဏ္ဍ၌ တိုးတက်မှုများအပြင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ပြသခဲ့သည်။
တက်ရောက်
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲများ၊ မူဝါဒချမှတ်သူများ၊ မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်သူများနှင့် အိန္ဒိယနိုင်ငံမှ နာမည်ကြီးအနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
မေ ၁ ရက်မှ ၄ ရက်ထိကျင်းပ
ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် ဖျော်ဖြေရေးညီလာခံ (WAVES- 2025) ကို မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပေါင်းစည်းနိုင်ရေးအတွက် ပထမဆုံးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မွန်ဘိုင်းမြို့ရှိ ဂျေရိုကမ္ဘာ့ကွန်ဗင်းရှင်းစင်တာ၌ မေ ၁ ရက်မှ ၄ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ညီလာခံသည် မီဒီယာနှင့် ဖျော်ဖြေရေးကဏ္ဍတို့၏ အခွင့်အလမ်းများ ကိုရှာဖွေရန်၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းများ၏ အနာဂတ်ကို ပုံဖော်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ် ကဏ္ဍအားလုံးမှ သက်ဆိုင်သူများနှင့် ချိတ်ဆက်ပေါင်းစည်းမှုမှတစ်ဆင့် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခိုင်မာသောမိတ်ဖက်များအဖြစ် သတ်မှတ်၍ နယ်ပယ်သစ်များကို ဖွင့်လှစ်ပေးနိုင်ရန်၊ နိုင်ငံနယ်နိမိတ်များကို ကျော်လွန်လာသည့် ယဉ်ကျေးမှုဖလှယ်မှုများအပေါ် အပြန်အလှန်နားလည်မှုများကို ပြုစုပျိုးထောင်ရန်နှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်စသည့် မဟာဗျူဟာများကို ရှာဖွေသွားရန်၊ အစွမ်းထက်သော ကွန်မြူနတီရေဒီယို အစီအစဉ်ပလက်ဖောင်းမှတစ်ဆင့် ခေတ်ရေစီးကြောင်းများနှင့် မူဝါဒများအပေါ် အာရုံစိုက်၍ ဒေသခံပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုအားကောင်းလာစေရန် ရည်ရွယ်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်