Skip to main content

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးဩဝါဒကထာ

မြန်မာ့နှစ်သစ်မင်္ဂလာ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်ကနေ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းတဲ့ ဂိမန္တနှစ်သစ်အခါသမယမှာ တစ်နှစ်တစ်ခါ ပြောင်းလဲတဲ့အတွက် မြန်မာသင်္ကြန်လို့ သတ်မှတ်ကြပါတယ်။

အချိန်တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း ပြောင်းလဲနေတယ်၊ ပြောင်းလဲမှုနဲ့အမျှ တိုးတက်မှုတွေလည်း ရှိတတ်တယ်၊ ဆုတ်ယုတ်မှုတွေလည်း ရှိတတ်တာပေါ့၊ ရုပ်ပိုင်းဆိုင်ရာတွေက အချိန်ကာလပြောင်းလဲ လာတာနဲ့အမျှ ယုတ်လျော့ ယုတ်လျော့အားနည်း သွားတတ်တယ်၊

စိတ်ပိုင်းဆိုင်ရာကြတော့ သူတော်ကောင်းတွေအတွက် အချိန်တိုင်း ပြောင်းလဲတဲ့အခါမှာ တိုးတက်လာတဲ့အတွက် ပိုကောင်းသထက်ကောင်းလာတဲ့ ပြောင်းလဲလာတာပဲ။ သူတော်ကောင်းမှတစ်ပါး အခြားသူတွေကျတော့ပြောင်းလဲတဲ့အခါ ကောင်းတဲ့စိတ်တွေက မကောင်းတဲ့ စိတ်တွေဘက်ကို ဖြစ်သွားကြတယ်။

ဒါကြောင့်မို့ နှစ်သစ်ကူးအခါသမယ ပြောင်းလဲ တဲ့အခါမှာ သူတော်ကောင်းတွေလို ပြောင်းလဲခြင်းမျိုးနဲ့ အားလုံးရဲ့စိတ်တွေ အားကောင်းလာတယ်။ မကောင်းတဲ့ စိတ်ဓာတ်ဆိုးတွေ ဖယ်ထုတ်ပြောင်းလဲပြီးတော့ ကောင်းတဲ့စိတ်ဓာတ်ကောင်းတွေ ဖြစ်လာဖို့အတွက် သင်္ကြန်သင်္ကမန္တ ပြောင်းလဲခြင်းကို သတ်မှတ်ကြတယ်။

သူတော်ကောင်းတွေအတွက် ပြောင်းလဲဖို့ဆိုတာ မကောင်းရာမှနေကောင်းလာတယ်၊ ဒါလည်းသူတော်ကောင်းပဲ။ ကောင်းရာမှနေပိုကောင်းလာတယ်၊ ပိုကောင်းရာမှနေ ပိုမြင့်မြတ်ပြီး အကောင်းဆုံးဖြစ်လာတယ်။

ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ သောတာပန်၊ သကဒါဂါမ်၊ အနာဂမ်၊ ရဟန္တာဖြစ်သွားတာ။ ဒီလိုဖြစ်လာတာက သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်တွေ တိုးတက်မြင့်မားပြီး ပြောင်းလဲလာတာ။ သူတော်ကောင်းတွေ ဘယ်လိုပြောင်းလဲလာသလဲလို့ လေ့လာကြည့်မိတော့ မေတ္တာမရှိတာတွေ ရှိလာတယ်။ မေတ္တာနည်းရာမှနေများလာတယ်။ မေတ္တာမှမဟုတ်ဘူး၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေလည်း များလာတယ်။ အဲဒါကြောင့်လည်း တစ်ဦးအပေါ်တစ်ဦးက မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေနဲ့ စွမ်းနိုင်သမျှကူညီကြတာပေါ့။

တချို့က ဘဝမှာ ပြည့်စုံကြသော်လည်း ဘဝသံသရာမှာ ပါလာတဲ့ အတိတ်အကုသိုလ်ကံတွေ စိုးမိုးမှုကို ခံကြရတဲ့အခါကျတော့ ကယ်နိုင်သလောက်ကယ်တယ်၊ စွမ်းနိုင်သမျှကယ်တယ်၊ ကိုယ်ကယ်ချင်တိုင်းကယ်လို့ရနိုင်တာ ရချင်ရတယ်၊ မရချင်မရဘူး၊ ဒါက သူတို့တွေရဲ့ ကံနဲ့ ဆက်စပ်တယ်။

ဒါမျိုးကျ စိတ်အပင်ပန်းမခံတော့ဘဲ လုပ်စရာရှိတာလုပ်မယ်၊ ကူစရာရှိတာကူမယ်၊ ထောက်ပံ့စရာရှိတာ ထောက်ပံ့မယ်။

သူတို့လက်ခံနိင်တဲ့ ကံအကျိုးပေးပေါ်မူ တည်တယ်။ ဒီအသိနဲ့ ကူညီတာကတော့ ဥပေက္ခာလို့ ခေါ်ပါတယ်။

သူတော်ကောင်းတွေအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေက ဘယ်လိုမျိုး အားကောင်းလာကြသလဲဆိုတော့ ရှေးဘုရားရှင် သူတော်ကောင်းကြီးတွေက နောက်နောင်ပွင့်မယ့် ဘုရားလောင်းတွေကို ဗျာဒိတ်ပေးတယ်။ အဲဒီအခါမှာ ဘုရားအလောင်း အဂ္ဂသာ၀က မဟာသာဝက အလောင်းသူတော်ကောင်းတွေရဲ့စိတ်က နှလုံးသွင်းဘယ်လောက်အထိ ကောင်းလည်းဆိုရင် စကားသုံးခွန်းကိုပဲ အဓိကထားပြောတယ်။

ဗျာဒိတ်တော်ရတဲ့ နောင်ဘုရားလောင်းတွေက စကားပြောတဲ့အခါ “ဘုရားလောင်းဆိုတာ အိမ်ရာထူထောင်လူတို့ဘောင်နဲ့ ဘာမှမဆိုင်၊ ဘာလို့ အိမ်ရာတည်ထောင်တဲ့အထဲမှာ နေမှာလဲ၊ ရဟန်းပြုတော့မယ်”လို့ ပြောတယ်။ ကြွေးကြော်တယ်။

သူတော်ကောင်းတွေအတွက်ကျတော့ စကားလုံးနည်းနည်းပြင်ပြီး “ငါ့သူတော်ကောင်းပဲ၊ ကိုယ့်ကိုယ်ကိုယ် လူကောင်းဆိုတာ သိရမယ်။

သူတော်ကောင်းဆိုရင် သူတော်ကောင်းတွေ မလုပ်သင့်မလုပ်ထိုက်တာ မလုပ်ဘူး၊ ငါ့နဲ့ မဆိုင်တာမလုပ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်မယ်လို့ တွေးပျော်တော့တာပဲ။ ငါသူတော်ကောင်းနဲ့ မဆိုင်တာ အကျိုးမရှိတာမလုပ်ဘူး။ အကျိုးရှိတဲ့ အလုပ်ပဲလုပ်မယ်။ သူတော်ကောင်းတွေက ငါ့ကိုယ့် ငါသူတော်ကောင်းလို့ သိမှတ်ထားရင် သူတော်ကောင်းတစ်ယောက်ရဲ့ မလုပ်သင့် မလုပ်ထိုက်တာ မလုပ်နဲ့၊ လုပ်သင့်လုပ်ထိုက်တာလုပ်။ ကိုယ့်ကိုယ် ကိုယ်သူတော်ကောင်းလို့ သတ်မှတ်ရင် ဘယ်သူ့အပေါ်မှာမှ မေတ္တာမပျက်ဘူး။ စိတ်မဆိုးဘူး။ ဘယ်သူ့ကိုမှ မနှိမ့်ချဘူး။ ကရုဏာထားတယ်။ မနာလိုမဖြစ်ဘူး။ မုဒိတာပေါ့။ ဘယ်သူ့အပေါ်မှ မျက်ကွယ်မပြုဘူး။ တတ်နိုင်သမျှ စွမ်းနိုင်သမျှကူညီတယ်။ အကျိုးပေးဆိုတာက စိတ်ပေါ်မူတည်တာပဲ။ သူတော်ကောင်းက ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းဆိုတာသိသွားပြီး သူတော်ကောင်း မလုပ်သင့်မလုပ်ထိုက်တာ မလုပ်ဘူး။ လုပ်သင့်လုပ်ထိုက် တာလုပ်မယ်ဆိုတာ သိတဲ့အသိစိတ်နဲ့ လုပ်ဖြစ်တော့ ကြီးပွားတိုးတက်အောင်မြင်တော့တာပေါ့။ သူတော်ကောင်းတွေက စိတ်ထားကောင်း လုပ်ရပ်ကောင်းတော့ အကျိုးပေးတွေလည်း ကောင်းတာပေါ့။ အကျိုးပေးက မိမိတစ်ယောက်တည်း ကောင်းကျိုးချမ်းသာရရုံမကပဲ ဆွေမျိုးသားချင်းအကျိုး၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်မြို့ကိုယ့်နိုင်ငံ ကိုယ့်သာသနာအကျိုးတွေ ရရှိတော့တာပေါ့။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လောကကြီးတစ်ခုလုံးကို ကိုယ်က စိတ်ဓာတ်ကောင်းနဲ့ ဒီစကားကြီးသုံးခွန်းကို အားရပါးရကြွေးကြော်ဆောင်ရွက်နေရင်း အားလုံးအတွက် ကောင်းကျိုးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နှစ်သစ်ကူးအခါမှာ စွမ်းနိုင်သမျှ မိမိအကျိုး အများအကျိုးသယ်ပိုးကြဖို့အတွက် စကားလက်ဆောင်တရားလက်ဆောင် နှစ်သစ်ကူးလက်ဆောင်ပေးပါတယ်။

အားလုံး အားလုံးက စိတ်ဓာတ်ကောင်းတွေ ကိုယ်စီကိုယ်စီရှိကြပြီး မိမိအကျိုး အများအကျိုးသယ်ပိုးနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။