Skip to main content

နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Madhav Kumar Nepal နှင့်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားများဖူးမြော်ကြည်ညို

ညောင်ဦး မတ် ၂၂

မတ် ၂၁ ရက်က နေပြည်တော်၌ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦး လေဆိပ်သို့ရောက်ရှိလာရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြိုဆိုကြသည်။

ထို့နောက် ရွှေစည်းခုံစေတီတော်သို့ရောက်ရှိကြကာ လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး ဘုရားဝင်းအတွင်းရှိ ဘုရင့်နောင်ခေါင်းလောင်းတော်ကြီးအား ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ ရှေးဟောင်း သုတေသနပြတိုက် (ပုဂံ) သို့ ရောက်ရှိကြပြီး အထူးပင်မပြခန်း တွင်ပြသထားသည့် ရှေးဟောင်းဆင်းတုတော်များအား ကြည့်ရှုလေ့လာကြကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှုခင်းများကို နန်းမြင့်မျှော်စင်ပေါ်မှ ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် အာနန္ဒာ ဘုရားအားဖူးမြော်ကြည်ညိုပြီး အာနန္ဒာဘုရား တောင်ဘက်စောင်း တန်းသို့ရောက်ရှိရာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ ဆံရစ်ဝိုင်းပျိုမေလေးများက ကြိုဆိုကြပြီး မြန်မာ့ရိုးရာသနပ်ခါးသွေး၍ လိမ်းခြယ်ပုံအဆင့်ဆင့်နှင့် ဆံရစ်ဝိုင်းပြုလုပ်ပုံ အဆင့်ဆင့်တို့ကို လက်တွေ့ပြုလုပ်ပြသရာ နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့်ဇနီး၊ အိန္ဒိယနိုင်ငံ မဟာဗျူဟာရေးရာ လေ့လာသုံးသပ်သူ Mr. Atul Ane-ja နှင့် ဇနီးတို့က ကြည့်ရှုအားပေးပြီး ကိုယ်တိုင်ပါဝင်လိမ်းခြယ်ကြသည်။

ထို့နောက် သဗ္ဗညုဘုရားနှင့် ဗူးဘုရားတို့အား ဖူးမြော်ကြည်ညိုကြသည်။    

ဒီပါလင်း