Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ်(သန်လျင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တို့၌ ကျောင်းသားများအား တွေ့ဆုံအားပေး

နေပြည်တော် မတ် ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၉ ရက် နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသားများကို ဗလငါးတန်နှင့်ပြည့်စုံရေး၊ အင်ဂျင်နီယာ၏ အရည်အချင်းများပြည့်ဝစေရေး အလေးထားပျိုးထောင်ပေးရန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးနည်းပညာလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း Ranking မြင့် နည်းပညာတက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပင်မစာသင်ဆောင်၌ ကျောင်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ စာကြည့်တိုက်၌ လေ့လာဖတ်ရှုလျက်ရှိကြသည့် ကျောင်းသားများကို နှုတ်ဆက်အားပေးကာ ကျောင်းသားများထံ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်း၍ အဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်သူများ၏ လူမှုဘဝမြင့်မားရေးကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် MSME ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများအတိုင်း စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပင်မစာသင်ဆောင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနအသီးသီးရှိ အလုပ်ရုံများတွင် ကျောင်းသားများ လက်တွေ့လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လျှပ်စစ်သုံးယာဉ်အပါအဝင် သုတေသနပရောဂျက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရလဒ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်