Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ဝင် (ငြိမ်း) ဦးညွန့်တင်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက (၁၅) နှစ်တာကာလအတွင်း ကော်မရှင်အသီးသီးမှ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းသော လုပ်ဆောင်ချက်များကို သုံးသပ်၍ လာမည့်အထွေထွေရွေးကောက်ပွဲကို ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပြီး ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့်လည်း အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်သိစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးအခြေအနေအရ တိမ်းရှောင်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ကော်မရှင်ရုံးဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက လိုအပ်သည့်အပိုင်းများ၌ ကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း နည်းပညာထူးချွန်တံဆိပ် (တတိယဆင့်)၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယဆင့်) နှင့် (တတိယဆင့်) ရရှိသည့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သောင်းကျန်းသူများ၏ အန္တရာယ်များကြားက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် ဌာနပိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခဲ့သူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သူများ စုစုပေါင်းဝန်ထမ်း ၁၁ ဦးနှင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ခြောက်ဘာသာဂုဏ်ထူးရရှိသူ တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ တစ်ဦး၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ တစ်ဦး စုစုပေါင်း ဝန်ထမ်းမိသားစုဝင် သုံးဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊ ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိဆုမဲများနှင့် ဆုငွေများ ဗလာမပါကံစမ်းမဲဖောက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

သတင်းစဉ်