Skip to main content

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၇

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးထံသို့ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယခုအခါ ဆရာတော်ကြီးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ချီးမြှင့်ငွေများပေးအပ်

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တပ်မတော်ဆေးရုံနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများကို ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်