နေပြည်တော် မတ် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဟိုင်းကြီးကျွန်း မြို့ရှောင်လမ်း အရှည်တစ်မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ညှိနှိုင်းဆောင်ရွက်
ယင်းနောက် ငပုတောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်နေသော ဇီးချိုင်ကျေးရွာ အဝင်တံတား ပေ ၁၆၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ချဉ်းကပ်လမ်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အချိန်မီဖွင့်လှစ်နိုင်ရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မဟာမကုဋရံသီမြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်