Skip to main content

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ လူငယ်များအကျိုးရှိစေမည့် ကဏ္ဍစုံမြှင့်တင်ပေးနိုင်ရေး သင်တန်းများနှင့် လှုပ်ရှားမှုများ ဆောင်ရွက်

နေပြည်တော် မတ် ၄

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက In Person စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရာတွင်လူငယ်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် လူငယ်စင်တာများ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်များလျာထားရေးဆွဲဆောင်ရွက်သွားစေလိုကြောင်း၊ လူငယ်များအနေဖြင့် ယခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် ကင်းထောက်သင်တန်းများ၊ လူငယ်များအကျိုးရှိစေမည့် ကဏ္ဍစုံမြှင့်တင်ပေးနိုင်ရေး သင်တန်းများနှင့် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက စနစ်တကျဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊နိုင်ငံ၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးသွားရန် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူးအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များက လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်