ရန်ကုန် မတ် ၄
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၌ မတ် ၃ ရက် နံနက်က ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ဒုတိယဥက္ကဋ္ဌ (၁) ဦးခင်မောင်ဇော်က ကောင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံခြားသတင်းထောက်များ၏ မေးမြန်းချက်များကို သတင်းမီဒီယာကောင်စီဝင်များကဖြေကြား၍ သတင်းတုသတင်းမှားများတိုက်ဖျက်ရေး၊ အပြုသဘောဆောင်သည့် သတင်းမှန်များကို ဖော်ပြနိုင်ရေးနှင့် သတင်းရယူမှု ပိုမိုအဆင်ပြေချောမွေ့စေရေး စသည့်အချက်များကို အချင်းချင်းရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ပြီး ကောင်စီအတွင်းရေးမှူး ဦးအေးချမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်များ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့ရှိ သတင်းဌာန၊ သတင်းစာနှင့် ရုပ်မြင်သံကြား စသည့်သတင်းမီဒီယာများမှ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်