နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း (Bagan Hotel Strategy) အပြီးသတ်ရေးဆွဲနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (ညောင်ဦးခရိုင်အဆင့်) အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲအရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကမ္ဘာ့အမွေအနှစ် မလျှောက်ထားမီကပင်တည်ရှိသည့် ဟိုတယ်အချို့သည် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဟိုတယ်ဆိုင်ရာအချက်အလက်များကို ကွင်းဆင်းကောက်ယူခဲ့ပါကြောင်း၊ ယခုတက်ရောက်လာကြသူများသည် ပုဂံဟိုတယ် မဟာဗျူဟာစီမံကိန်း(Bagan Hotel Strategy) ရေးဆွဲလုပ်ငန်းစဉ်တွင် ပါဝင်နေကြသူများဖြစ်ပါကြောင်း၊ ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်း (Bagan Hotel Strategy) အပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ရမည့်အခန်းကဏ္ဍများကို ရှင်းလင်းဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသစီမံခန့်ခွဲမှုအတွက် အဖွဲ့များ ဖွဲ့စည်းထားမှုနှင့်ပတ်သက်၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက်အလက်)က Hotel Strategy (မူကြမ်း) ပြုစုထားမှုနှင့်ပတ်သက်၍ လည်းကောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက Hotel Strategy ရေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ ဒုတိယညွှန်ကြားရေးမှူးက ဟိုတယ်လိုင်စင်ထုတ်ပေးထားမှုနှင့် ပတ်သက်၍လည်းကောင်း၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက တည်းခိုရိပ်သာလိုင်စင်ထုတ်ပေးထားမှုနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်