Skip to main content

ရုံးသုံးမြန်မာစာရေးနည်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများအတွက် ရုံးသုံးမြန်မာစာရေးနည်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ နေပြည်တော်ရှိ အရာထမ်းများတက်ရောက်ကြပြီး ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများရှိ အရာထမ်းများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲကို ရုံးစာပုံစံများအလိုက်ရည်ရွယ်သော အကြောင်းအရာပေါ်မူတည်လျက် ကျစ်လျစ်တိကျသော၊ ရှင်းလင်းပြတ်သားသောရုံးသုံးစာကို ကျွမ်းကျင်စွာရေးသားနိုင်ရန်၊ ဘာသာစကားအသိ (Language Awareness) ကိုမြှင့်တင်ပေး၍ မှန်ကန်သော စာအရေးအသားဖြစ်စေရန်၊ ဝန်ထမ်းများ၏ ရုံးသုံးမြန်မာစာအရေးအသား စွမ်းရည်တိုးတက်စေလျက် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်အေးက သုံးရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ အရာထမ်း စုစုပေါင်း ၃၈၂ ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်