Skip to main content

သဘာဝအရင်းအမြစ်များကိုအသုံးချ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ကြဉ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော မောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှုကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့ပြီး အဓိကကျသည့်ကဏ္ဍများ စတင်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများသည် အရေးပါသော အထောက်အကူပြုသည့် ကဏ္ဍဖြစ်သည်။ စွမ်းအင်ကဏ္ဍအနေဖြင့် လောင်စာစွမ်းအင်ကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရပြီး ပြည်တွင်းအရင်းအမြစ်များဖြင့် လောင်စာစွမ်းအင်တိုးတက်ထုတ်လုပ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ကဏ္ဍတွင် လတ်တလော၌ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း၌ ဓာတ်အားပေးစက်ရုံများ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုများနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရပ်ဆိုင်းနေသည့်စက်ရုံများရှိသဖြင့် ဓာတ်အားလိုအပ်ချက်များရှိပြီး ပြည်သူများအတွက် ဓာတ်အားအလှည့်ကျပေးဝေရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေသည်။

သို့သော်လည်း လျှပ်စစ်ကဏ္ဍတွင် ပြန်လည်ပြုပြင်တည်ဆောက်မှုများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အကောင်အထည်ဖော်လာမှုများကြောင့် အလားအလာကောင်းများရှိနေသည်။ နေရောင်ခြည်သုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်ဖြစ်သည့် ဆိုလာစွမ်းအင်ကို အများပြည်သူနယ်ပယ်တွင်သာမက လုပ်ငန်းအကြီးအသေး နယ်ပယ်များတွင်ပါ အသုံးပြုလာကြသည်ကို တွေ့မြင်နိုင်သည်။ လက်ရှိတွင် သီလဝါစက်မှုဇုန်ရှိ ကုမ္ပဏီခြောက်ခု၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်သည်ဟု သိရသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် လုပ်ငန်းများ အလျဉ်မပြတ် တွင်ကျယ်စွာဆောင်ရွက်နိုင်သည်။ အဆိုပါအဆင်ပြေမှုကို နမူနာယူ၍ အခြားကုမ္ပဏီများကလည်း လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဆိုလာစွမ်းအင်စနစ်ကို အသုံးပြုခြင်းသည် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားကို အပြည့်အဝသုံးစွဲနိုင်သည့်အပြင် ပိုလျှံမှုများနှင့်ပတ်သက်၍ နိုင်ငံအဆင့်ဓာတ်အားလိုင်းသို့ ပြန်လည်ရောင်းချ၍ရနေကြောင်း သိရသည်။ ဆိုလာစနစ်ဖြင့် ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုပမာဏအရ ကနဦးကုန်ကျ စရိတ်များနိုင်သော်လည်း ထပ်မံကုန်ကျစရိတ်နည်းပါးပြီး ရင်းနှီးကုန်ကျခဲ့ရသည့် ငွေကြေးပမာဏအတွက် နှစ်အနည်းငယ်အတွင်း ပြန်လည်အရင်းကျေသည့် ကာလသို့ရောက်ရှိနိုင်သည်။ ဥပမာအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို စတင်တည်ဆောက်အသုံးပြုခဲ့ရာ တစ်နှစ်ခွဲအတွင်း အရင်းကျေကာလပြည့်မြောက်ပြီဟု သိရသည်။

နိုင်ငံတော်အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော်ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများဆောင်ရွက်လျက်ရှိသည်။ ရရှိသည့်လျှပ်စစ်ဓာတ်အားများကို တစ်နိုင်ငံလုံး ဖြန့်ဝေပေးခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် လျှပ်စစ်ဓာတ်အားရရှိမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းရပ်များ အလိုက်လည်း ကိုယ်ပိုင်ဆိုလာစနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းများ ပိုမိုအဆင်ပြေပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍအတွက် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ လျှပ်စစ်မြစ် ရေတင်လုပ်ငန်းတွင် ၁၆၅ ကီလိုဝပ် ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းနှင့် အကျိုးပြုဧက ၄၅၀ ဆောင်ရွက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ကျွန်းဦးဆိုလာ စနစ်ရေတင်စီမံကိန်း အကျိုးပြုဧက ၅၀၀ ဆောင်ရွက်ခြင်း၊ မကွေးမြို့နယ်ရှိ ဆိပ်သာဆိုလာစနစ် ရေတင်စီမံကိန်း အကျိုးပြုဧက ၂၀၀၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ သာယာကုန်းဆိုလာစနစ် ရေတင်စီမံကိန်း အကျိုးပြုဧက ၄၅၀ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ပြည်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေးအတွက် လျှပ်စစ်စွမ်းအင်တိုးတက် ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်လျှင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာခြင်းနှင့်အတူ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများ တိုးတက်မြင့်မားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။     ။