နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးပြခန်းများမှ တာဝန်ရှိသူများ၏ ရင်တွင်းပီတိစကားသံများကို တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-
ဒေါက်တာမြင့်စိန်
ဝါးစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်းဥက္ကဋ္ဌ
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာကတော့ ၁၉၉၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းက ဝါးကို ဒီအတိုင်းပဲရောင်းပြီး အခုတော့ ဝါးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ အခုကျင်းပနေတဲ့ပွဲကလည်း ထုတ်ကုန် နှစ်ဆတိုးမြှင့်ဖို့လုပ်တဲ့ပွဲဆိုတော့ ကျွန်တော့်အနေနဲ့ ထုတ်ကုန်ကိုလည်း နှစ်ဆတိုးမြှင့်အောင်လုပ်မယ်၊ ရှိပြီးသားထုတ်ကုန်တွေကိုလည်း တန်ဖိုးနှစ်ဆ သုံးဆအထိ အဆင့်မြင့်အောင်ထုတ်လုပ်သွားဖို့ရှိပါတယ်။ အခုပြပွဲပြိုင်ပွဲမှာ ဆုရတဲ့သူတွေနဲ့ပေါင်းပြီး ထုတ်ကုန်တွေ ဆက်လက်ထုတ်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ထုတ်ကုန်ကိုလည်း နှစ်ဆတိုးမြှင့် အောင်လုပ်နိုင်သလို တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်အောင်လည်း လုပ်လို့ရပါတယ်။ ဝါးကို စိုက်ပျိုးလိုက်တဲ့အချိန်မှာ ဝါးရုံပေါင်း သုံးသိန်းခွဲရှိတဲ့အတွက် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၂၄ မျိုးကျော်အထိ ဆောင်းခိုလျက်ရှိပါတယ်။ ဝါးက ကာဗွန်ဒိုင်အောက်ဆိုက်ကို အများကြီးစုပ်ယူနိုင်သလို အောက်ဆီဂျင်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ သုံးနှစ်ဆိုရင် အရွယ်ရောက်တဲ့ဝါးရပြီး ခုတ်လိုက်လို့လည်း ကုန်မသွားဘူး။ ဝါးရုံတွေကနေ အသစ်တွေပြန်ထွက်တဲ့အတွက် ရေရှည်အသုံးပြုလို့ရတယ်။ ဒါ့ပြင် ဝါးနဲ့ထုတ်လုပ်တဲ့ ဘောပင်တွေကလည်း ဝယ်လိုအားကောင်းတဲ့အတွက် ထုတ်လုပ်သူတွေအတွက် အဆင်ပြေပါတယ်။ အခုလို MSME ပြပွဲပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် ကိုယ့်ရဲ့ထုတ်ကုန်တွေကိုလည်း ပြသခွင့်ရတဲ့အတွက် ကျင်းပပေးတဲ့တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင် ပါတယ်။
ဦးဇော်ဝင်းစိုး
ပြခန်းတာဝန်ခံ Super Seven Stars Green Energy
ကျွန်တော်တို့ SSS Green Energy က ပြည်ထောင်စုအဆင့် MSME ပြပွဲနှင့်ပြိုင်ပွဲမှာ အမျိုးပေါင်း ၆၈ မျိုးပြသထားပါတယ်။ ထုတ်ကုန်ကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးခွဲထားပါတယ်။ အသေးစားအိမ်သုံး Solar ထုတ်ကုန်ပစ္စည်းတွေ၊ အလတ်စားစီးပွားရေးလုပ်ငန်းသုံး Solar ထုတ်ကုန်ပစ္စည်းတွေ၊ အကြီးစားစက်မှုလုပ်ငန်းသုံး Solar ထုတ်ကုန်ပစ္စည်းတွေဆိုပြီး သုံးမျိုးခွဲခြားပြသထားပါတယ်။ ပြပွဲရဲ့အရောင်းရဆုံး ထုတ်ကုန်တွေကတော့ Portable Power Station လေးမျိုး (800W၊ 1200W၊ 2000W၊ 2200W)၊ Folded Solar သုံးမျိုး (100 W၊ 200 W၊ 400W)၊ အိမ်သုံး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပစ္စည်းအမျိုး ၆၀၊ အိမ်သုံး၊ စီးပွားရေးသုံး၊ အကြီးစားစက်မှုလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ BESS တွေနှင့် Solar လမ်းမီးတွေအပါအဝင် စုစုပေါင်း ၇၂ မျိုး ခင်းကျင်းပြသထားပါ တယ်။ Portable Power Station ရဲ့ အကျိုးကျေးဇူးတွေကတော့ မဟာဓာတ်အားလိုင်းမှ ဝေးကွာတဲ့ဒေသတွေမှာ ၂၄ နာရီ အသုံးပြုနိုင်ခြင်း၊ ထင်း၊ မီးသွေးနဲ့ ဖယောင်းတိုင်အစား အသုံးပြုနိုင်သဖြင့် ငွေကြေးကုန်ကျသက်သာခြင်း၊ သစ်တောပြုန်းတီးမှုမှ ကင်းဝေးစေခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုနိုင်သည်ဖြစ်၍ နှစ်နာရီအားသွင်းရုံနဲ့ လျှပ်စစ်ဓာတ်အားကို ပြန်လည်သုံးစွဲနိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်သက်သာစေခြင်း၊ နေရာဒေသမရွေး အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ခြင်း၊ ကျေးလက်နေပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်း၊ ဘယ်လိုအခြေအနေမျိုးမှာမဆို အလွယ်တကူအားသွင်းနိုင်တဲ့ လျှပ်စစ်ဓာတ်အားကို အပြည့်အဝသုံးစွဲနိုင်ခြင်း၊ solar products၊ planets custer၊ people၊ price စသည်တို့ဖြင့် Super Seven Stars Green Energy မှ ထုတ်ကုန်ပစ္စည်းတွေကို တိုးမြင့်ထုတ်လုပ်ပြီး စျေးကွက်မှာ ကျယ်ပြန့်စွာသုံးစွဲနိုင်ရေး ကြိုးပမ်း လျက်ရှိပါတယ်။
ဦးခွန်မျိုးညွန့်(ရှမ်းပြည်နယ်)
နောင်ခမ်းကော်ဖီလုပ်ငန်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကော်ဖီလုပ်ငန်းပါ။ ကော်ဖီတစ်မျိုးတည်းကိုပဲ ပြိုင်ပွဲရော ပြပွဲရော ပါဝင်ပါတယ်။ ကျွန်တော်တို့ကော်ဖီဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တယ်။ အရင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မဲနယ်တောင်တန်းပေါ်က တောင်သူတွေက ယခင်က ဘိန်းစိုက်ခဲ့တယ်။ အခုချိန်မှာတော့ ဘိန်းပပျောက်ပြီး လူနေမှုဘဝမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကော်ဖီအစားထိုးစိုက်ပျိုးထုတ်လုပ်တာဖြစ်ပါတယ်။ တစ်ဖက်ကလည်း လက်ဖက်ရည် ယဉ်ကျေးမှုထွန်းကားတယ်။ အခုကတော့ ကော်ဖီယဉ်ကျေးမှု ထွန်းကားဖို့၊ ကော်ဖီလုပ်ငန်းကို ပြည်သူတွေသိရှိဖို့၊ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ချက်လည်းပါပါတယ်။ ထုပ်ပိုးမှုနည်းစနစ်တွေ ဖွံ့ဖြိုးဖို့၊ ဈေးကွက်ရရှိဖို့၊ ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်တာဖြစ်တဲ့အတွက် အရည်အသွေးပြည့်မီဖို့၊ ဘေးအန္တရာယ်ကင်းရှင်းဖို့၊ အတွေ့အကြုံတွေရဖို့အတွက်လည်း လာရောက်ပြသတာဖြစ်ပါတယ်။ ပြပွဲမှာလည်း ကုန်ပစ္စည်းတွေအားလုံးရောင်းကုန်သွားလို့ ပစ္စည်းအသစ်တွေလည်း ထပ်မှာထားရတော့ ရောင်းအားကို အားရကျေနပ်မှုရှိပါတယ်။ ပစ္စည်းရောင်းရတယ်ဆိုတာထက် အထူးသဖြင့် လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေ ပွဲတိုင်းမှာရတဲ့အတွက် ဒီလိုမျိုးပြပွဲ ပြိုင်ပွဲတွေ အများကြီးထပ်လုပ်နိုင်ပါစေလို့ ဆန္ဒပြု ပါတယ်။
ဒေါ်အိအိလှိုင်
အိလေးစားသောက်ကုန်လုပ်ငန်းပိုင်ရှင်
ကချင်ပြည်နယ် MSME ပြခန်း
ကျွန်မတို့ပြကွက်မှာတော့ ဆီတို့ဟူး၊ မာလာရှမ်းကောအနှစ်နဲ့ အသင့်စားရှမ်းခေါက်ဆွဲထုပ်တွေ ပြသထားပါတယ်။ ဒီသုံးမျိုးကတော့ ရောင်းအားအကောင်းဆုံးပါပဲ။ ဒီနေ့အထိရောင်းအားကတော့ သိန်း ၄၀ ကျော်ပါပြီ။ အခု MSME ပြပွဲမှာ ကချင်ပြည်နယ်ရဲ့ထုတ်ကုန်ပစ္စည်းတွေကို ဒီပြပွဲကိုလာရောက်ကြတဲ့ စားသုံးသူပြည်သူတွေဆီ တိုက်ရိုက်လာရောက် ရောင်းချပေးခြင်းဖြစ်ပါတယ်။ ရောင်းချတဲ့ဈေးနှုန်းကလည်း ကချင်ပြည်နယ်မှာ ရောင်းချတဲ့ဈေးနှုန်းအတိုင်း ရောင်းချပေးခြင်းဖြစ်ပါတယ်။ အဲဒီလိုရောင်းချနိုင်အောင် သယ်ယူစရိတ်နဲ့ လမ်းခရီးစရိတ်တွေကို နိုင်ငံတော်ဘက်က ပံ့ပိုးပေးထားတာတွေရှိပါတယ်။ အဲဒီလိုမျိုးပံ့ပိုးပေးထားတဲ့အတွက် စားသုံးသူပြည်သူတွေကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချနိုင်ပါတယ်။ ပြည်တွင်း MSME ပြပွဲမှာ ခင်းကျင်းပြသတာကတော့ ဒါကပထမဆုံးပါ။ အခုလိုပြသလိုက်တဲ့အတွက် City Mark တို့ အခြားစားသုံးသူပြည်သူတွေဆီကနေ မှာယူမှုတွေ၊ ကမ်းလှမ်းမှုတွေရှိလာပါတယ်။ ဘယ်လိုပဲပြောပြော အိလေးကုန်အမှတ်တံဆိပ်က ကျွန်မပြန်သွားပေမယ့်လည်း နေပြည်တော်ရဲ့ စားသုံးသူပြည်သူတွေဆီ ကျန်နေခဲ့မှာပါ။
ဦးအောင်ကိုဇော်
ဥက္ကဋ္ဌ ရွှေနရား Co., Ltd.
ကျွန်တော်တို့ ရွှေနရားရိုးရာအစားအစာအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုလာရောက်ပြသတာဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းမှာ ဆနွင်းမကင်းကိုအခြေခံတဲ့ ဆနွင်းမကင်းမျိုးစုံ၊ သာကူနဲ့ ကျောက်ကျောတွေကို ပြသထားပါတယ်။ အဲဒီအမယ်တွေကို ပြည်တွင်းဖြစ်ကုန်ကြမ်းကနေ ကုန်ချောအဆင့်ထိရောက်အောင် ထုပ်ပိုးရောင်းချပါတယ်။ OROP အနေနဲ့ ပြသပေးခြင်းဖြစ်ပါတယ်။ အခုလို MSME ထုတ်ကုန်ပြပွဲမှာ လာရောက်ပြသတာကတော့ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ MSME ကို အားပေးတယ်။ အဲဒီအတွက် ကျွန်တော်တို့က ဖော်ဆောင်ပေးတယ်။ နောက်တစ်ခုက ကိုယ့်ပြည် တွင်းမှာရှိတဲ့ ကုန်ကြမ်းတွေကို ကုန်ချောအဖြစ် ထုတ်လုပ်တာကို အကြီးအကဲတွေအနေနဲ့ တိုင်းသိ ပြည်သိပြသချင်တဲ့သဘောရှိတယ်။ ဒါကြောင့် လာရောက်ပြသခြင်းလည်းဖြစ်တယ်။ ရောင်းအားအနေနဲ့ အထိုက်အလျောက်ရောင်းရပါတယ်။ မနေ့ကတော့ စံချိန်တင်ရောင်းအားမြင့်ခဲ့ပါတယ်။ MSME ပြပွဲတွေ ခင်းကျင်းပြသပေးတဲ့အတွက် လုပ်ငန်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်လို့ရမယ်။ အခုဆိုရင် ဒစ်ဂျစ်တယ်တွေ ပါဝင်လာတယ်။ ကုန်ကြမ်း သမားတွေနဲ့ ကုန်ချောသမားတွေချိတ်ဆက်မယ်၊ ကုန်ချောသမားအချင်းချင်း ချိတ်ဆက်မယ်။ အဲဒီအတွက် အများကြီး အကျိုးရှိပါတယ်။ ဒီလိုပွဲတွေ ဆင့်ကဲဆင့်ကဲလုပ်ပေးခြင်းအားဖြင့် MSME လုပ်ငန်းရှင်တွေအတွက် အကျိုးအများကြီး ရရှိကြမှာပါ။ အခုလိုပြပွဲတွေ များများကျင်းပပေးမယ်ဆိုရင် တိုင်းပြည်ရဲ့စီးပွားရေးလည်း ဖြည်းဖြည်းချင်း တိုးတက်လာမယ်၊ GDP လည်း တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။
ဒေါ်မြင့်မြင့်ဌေး
မန္တလေးတိုင်းဒေသကြီးပြခန်း
ကျွန်မတို့ပြကွက်မှာတော့ ကျွန်မက ကျောက်စိမ်း ချစ်မြတ်နိုးတယ်၊ မြန်မာပြည်မှာ ကျောက်စိမ်းထွက်ရှိတယ်ဆိုတာ မသိသေးတဲ့ မြန်မာပြည်သူတွေကို သိစေချင်တယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အတွက် ကျောက်စိမ်းထုတ်ကုန်တွေကို လာရောက်ပြသခြင်း ဖြစ်ပါတယ်။ ဒီကျောက်စိမ်းတွေကို မိုးကုတ်က တရားဝင်သယ်ယူပြီး ဘုရားဆင်းတုထွင်းထုတယ်။ ထွင်းထုလို့မရတဲ့အပိုင်းတွေကို လက်စွပ်၊ လက်ကောက်၊ လည်ဆွဲ၊ ပုတီး၊ ခေါင်းအုံးနဲ့ ဖျာ စတဲ့ထုတ် ကုန်တွေလုပ်ပြီး ရောင်းချခြင်းဖြစ်ပါတယ်။ ကျွန်မတို့ ပြကွက်မှာက ကျောက်စိမ်းထုတ်ကုန်အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့ထုတ်ကုန်တွေ ရောင်းအားကောင်း ပါတယ်။ မရောင်းရရင်တောင် ကျွန်မတို့ထုတ်ကုန်တွေကို ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသားတွေ သိစေချင်တဲ့အတွက် သိသင့်သလောက်သိသွားကြပြီဖြစ်တဲ့အတွက် အခုလို MSME ပြပွဲတွေ ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။ အခုချိန်ထိတော့ ငွေကျပ်သိန်း ၅၀ ဖိုးလောက် ရောင်းချပြီးပါပြီ။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ
အလင်းသစ်၊ သန်းတင်အောင်