Skip to main content

ပြည်ထောင်စုစိတ်ဓာတ်ထာဝစဉ်ရှင်သန်

မိမိတို့နိုင်ငံအတွက် မရှိမဖြစ် ရေသောက်မြစ်သဖွယ်ဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ ထာဝစဉ်ရှင်သန်ထက်မြက်နေစေရန် တပ်လှန့်နှိုးဆော်ပေးသည့်အနေဖြင့် ပြည်ထောင်စုနေ့အခမ်းအနားများကို နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ (၇၈)နှစ်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည့် နိုင်ငံ့လွတ်လပ်ရေးကို ပြန်လည်ရရှိနိုင်ရန် တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ လက်တွဲကာ အသက်သွေးချွေးများစွာကို ရင်းနှီး၍ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြိုးပမ်းခဲ့ကြရာတွင် တိုင်းရင်းသားပြည်သူများအကြား စည်းလုံးညီညွတ်မှုကိုရယူကာ ပြည်ထောင်စုစိတ်ဓာတ်ကို မဖြစ်မနေတည်ဆောက်ခဲ့ကြရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကိုအရင်းခံ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသက်သေပြကာ တောင်တန်းနှင့်မြေပြန့်တို့ မကွဲမပြား၊ တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူခဲ့ကြသည်။ သို့ရာတွင် လွတ်လပ်ရေးရပြီးမကြာမီမှာပင် အကြောင်းအမျိုးမျိုးဖြင့် လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး မတည်မငြိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဝါဒစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ စသည့်အကြောင်းအရာ မျိုးစုံကိုစွဲ၍ ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပုန်ကန်သောင်းကျန်းမှုများသည် ပူပူနွေးနွေးမျှသာ သက်တမ်းရှိသေးသော ပြည်ထောင်စုကြီးကို ဖြိုခွဲပစ်ရန်အထိ ရည်မှန်းကြံစည်မှုများရှိခဲ့သော်ငြားလည်း ပင်လုံမှစကာ ဖြစ်တည်လာခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို ရင်ဆိုင်ယှဉ်ပြိုင်ခြင်းငှာ မစွမ်းသာခဲ့။

“လူမျိုးဆိုသည်မှာ သုခဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ၏။” ဟူသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံမိန့်ခွန်းပါ ပြောကြားချက်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံကြီးတွင် မှီတင်းနေထိုင်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့ အပါအဝင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ပြည်ထောင်စုသားအားလုံးတို့၏ စိတ်နှလုံးတွင်း၌ “ငါတို့အားလုံး မြန်မာ” ဟူသော တစ်မျိုးတစ်စားတည်းသော စိတ်ထားက စွဲမြဲခံယူခဲ့ကြ ပြီဖြစ်သည်။ တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းအလိုက် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည့်ဝိသေသလက္ခဏာများကို တန်ဖိုးထားထိန်းသိမ်းခြင်းနှင့်ထပ်တူ တစ်သွေးတည်းတစ်သား တည်းဟူသော တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်မှုနှင့် ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ ခိုင်မာစွာဖြစ်တည်ခဲ့ပြီဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ၇၇ နှစ်တာ ခရီးလမ်းသည် ချောမောပြေပြစ်ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့ရသည်မဟုတ်။ ပြည်တွင်းပြည်ပ အဖျက်အမှောင့်၊ အနှောင့်အယှက်များစွာတို့က မငြိမ်းသည့်မီးသဖွယ် အရှိန်ပြင်းပြင်း တောက်လောင်၍လည်းကောင်း၊ တအုံနွေးနွေးလောင်ကျွမ်း၍ လည်းကောင်း ခေတ်တိုင်းခေတ်တိုင်းမှာ ပြည်ထောင်စုကြီး တစ်စစီပြိုကွဲသွားနိုင်လောက်သည့် အန္တရာယ်မျိုးပြုခဲ့ကြသည်။ လက်ရှိကာလတွင်လည်း မိမိတို့တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ခိုင်ခိုင်မြဲမြဲ လက်ချင်းတွဲကာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြရဦးမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပအဖျက်ရန်ကို ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ဖြင့် တွန်းလှန်ချေမှုန်းကာ တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တက်ညီလက်ညီ စုပေါင်းတည်ဆောက်ကြရပါမည့်အကြောင်း။ ။