Skip to main content

ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် မွန်ပြည် နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

ပဲခူး အောက်တိုဘာ  ၄

ပဲခူးတိုင်းဒေသကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးပြည်နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့်အပြင် ကုန်စည် ပို့ဆောင် ရေး အဓိကလမ်းကြောင်းပေါ်တွင်ရှိနေသဖြင့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ်ဖြတ်သန်းသွား လာနေသော တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အားလျော်စွာ ယမန်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်တွင် ကုန်တင်ယာဉ် ကြီးများ အစီး(၅၀၀)ခန့် ပိတ်ဆို့နေကြောင်း သိရှိရ ပါသဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၄ ရက် နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ် စစ်တောင်းတံတား အနီးရှိ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက် သ‌ပြေကန်အခြေစိုက်စခန်း ရှင်းလင်းဆောင် တွင်မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း ဦးဆောင်သည့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံဦးဆောင်သည့် ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးနိုင်ရေး၊ ရောဂါပိုး ရှိသူများအား ဆက်လက် ကုသမှုပေးနိုင်ရေး၊ ၎င်းတို့နှင့် အနီးကပ် ထိတွေ့မှုရှိခဲ့သူများအား သီးခြားခွဲထားနိုင်ရေးအပါအဝင် အုပ်ချုပ်မှုကိုစ္စများကို တိုင်ပင်ဆွေးနွေး ညှိနှိုင်းခဲ့ကြရာ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဉီးစီး ဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည် နှင့် မြို့နယ်ဆရာဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဆွေးနွေး တင်ပြခဲ့ကြပါသည်။

 ဝန်ကြီးချုပ်(၂)ဉီး၏ လမ်းညွှန်မှုနှင့်အညီ မွန်ပြည်နယ်ဘက်မှလာသော ကုန်တင်ယာဉ်များအား မွန်ပြည်နယ်ဘက်မှလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဘက်မှလာသော ကုန်တင်ယာဉ်များအား ဝေါမြို့နယ် တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရန်၊ စစ်တောင်း တံတား ပေါ်တွင် ကုန်တင်ယာဉ်များ စုပုံရပ်တန့်မနေစေရေး နှစ်ဘက်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းရန် သဘော တူညီခဲ့ကြပြီး နှစ်ဘက်ဝန်ကြီးချုပ်များသည် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ကျန်းမာရေး စစ်ဆေးရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြ‌သည်။

 ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများအား ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်ကျန်းမာရေးဌာနများသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဒိုက်ဉီးမြို့နယ် ဒိုက်ဦး-စစ်တောင်းလမ်းစုံတွင် ဒိုက်ဦးမြို့နယ်အတွင်းဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ် များအား စစ်ဆေးပေးနေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးနယ်နယ်စပ် အင်းတကော်မြို့ဝမ်းဘော်ဒတ်ဂိတ်တွင် ကုန်တင်ယာဉ်ကြီးများ ပိတ်ဆို့နေခြင်းအပေါ် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်သော စစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပြုကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါ သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ (၂)ရက်နှင့် (၃)ရက်နေ့များတွင် ကုန်တင်ယာဉ် များမှ ယာဉ်မောင်း/ယာဉ်နောက်လိုက် (၁၃၃၇)ဦးအား စစ်ဆေးခဲ့ရာ (၂၀)ဉီးတွင် COVID ရောဂါ ပိုး တွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)