ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသည် ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၃ နာရီက ဒလမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး တာဝန် ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးရုံလိုအပ်ချက်များ၊ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်။ ဝန်ကြီးက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၌ ပိုးတွေ့လူနာများပြားလာမှုကြောင့် အခက်အခဲများရှိနိုင်ပါကြောင်း၊ ယခုလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင်များ နှင့် ပြည်သူလူထုများ ပူပေါင်း၍ဆက်လက်ပြီးဆောင်ရွက်ပေးကြလို့ အထူးကျေးဇူးတင်ပါကြောင်း၊ လိုအပ်ချက်များရှိပါက အချိန်နဲ့တပြေးညီ ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားများပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ဆေးရုံ သို့ PPE အစုံ ၂၃၀၊ KN 95 Mask ၂၀၀ ခု၊ ကိုရီးယားနိုင်ငံထုတ် KF-94 Mask ၂၀ ခု၊ Hand Sanitizer ၃ ဗူး၊ Surgical Cap အခု ၂၀၀၊ အမှိုက်ပုံး ၁၀ ပုံး၊ အားဖြည့်အချိုရည် ၂၄၀ ဗူး စသည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာများဖြစ်သည့် မြို့မ(၄)ရပ်ကွက်ရှိ အ.ထ.က(၁)စာသင်ကျောင်း ၊ တပင်ရွှေထီးရပ်ကွက်ရှိ အ.ထ.က(၄) စာသင်ကျောင်း ၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ ၆ခန်းတွဲ ၄ ထပ် ဝန်ထမ်းလိုင်ခန်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတို့ရှိ စင်တာအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသူများနှင့် သွားရောက် တွေ့ဆုံ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးအထောက်အကူပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ လက်ရှိအချိန်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ ၁၄ ခု တွင် စောင့်ကြည့် လူနာ စုစုပေါင်း ၅၇၅ ဦးရှိပြီး၊ စောင့်ကြည့်ရေး စင်တာ စုစုပေါင်း ၃၂ ခု ထိ တိုးချဲ့ဖွင့်လှစ်ထားရှိရာ လူဦးရေ စုစုပေါင်း ၁၈၀၆ ဦးထိ ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးထံမှ သိရ သည်။
နိုင်လင်းကျော်(ဒလ)