Skip to main content

ဖက်ဒရယ်ပြည်ထောင်စုပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် အောက်တိုဘာ ၃

ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ ဦးစဝ်သာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မင်္ဂလာပါခင်ဗျား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တောင်ပေါ်မြေပြန့် ဒေသ အသီးသီးမှာ နေထိုင်တဲ့ ၁၃၅ မျိုးသော ညီနောင်တိုင်းရင်းသားများ ကိုယ်စိတ် နှလုံး သုံးပါးစလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား.....

ကျွန်တော်ကတော့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစဝ်သာဦး ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ပါတီကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ အမှတ်စဉ်(၇၁)နဲ့ (၂၄-၁၂-၂၀၁၃) ရက်နေ့မှာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက်ရပြီးတဲ့ ပါတီဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ထူးခြားတဲ့ ပါတီတစ်ပါတီ ဖြစ်ပါတယ်ခင်ဗျား။ လူတစ်ဦးချင်းမှသည် ပါတီတစ်ရပ် ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ဘဲ လူတူရာစုဖွဲ့ထားကြတဲ့ တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များဟာ မိမိတို့မိခင်ပါတီများမှ တရားဝင်နုတ်ထွက်ရပါတယ်။ ဒီလိုနုတ်ထွက်ပြီးမှ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဒီတိုင်းရင်းသားများသည်လည်း နောက်ခံပါတီ အင်အားရှိတဲ့ ကိုယ်စားလှယ်များက တည်ထောင်သူများအဖြစ် ပါဝင်ကာ ဒီ.. ဖက်ဒရယ်ပြည်ထောင်စု ပါတီကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများမှ နုတ်ထွက်ကိုယ်စားလှယ်များ စုဖွဲ့ ဦးဆောင်တည်ထောင်ပြီး မြန်မာနိုင်ငံသား အားလုံးပါဝင်တဲ့ နိုင်ငံအနှံ့မှလူမျိုးစု အားလုံးပါဝင်နိုင်တဲ့ ထူးခြားတဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်ခင်ဗျား...။

ဒီအပြင် ၁၉၆၂ ခုနှစ်နောက်ပိုင်း နာမည်ဆိုးအတပ်ခံရပြီး မြန်မာနိုင်ငံမှ စွန့်ပယ်ခံခဲ့ရတဲ့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ ပြန်လည်၍ တရားဝင် ပထမဆုံး အသုံးပြုခဲ့တဲ့ပါတီဖြစ်လို့ ထူးခြားပါတယ်ဆိုရင်လည်း မမှားပါဘူးခင်ဗျား။ ဖက်ဒရယ်ဆိုတာ ခွဲထွက် ခြင်းမဟုတ်၊ ခွဲထွက်ခြင်းမဖြစ်ရအောင် ကာကွယ်တဲ့ စနစ်တစ်ရပ်ဖြစ်ကြောင်း နားလည်မှုပြန်လည် ရလာစေလို့ ဒီအမည်နဲ့ ပါတီတည်ထောင်ခွင့်ပြုခဲ့တာဟာ လည်း ထူးခြားချက်တစ်ရပ်ပါခင်ဗျား။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ နိုင်ငံကြီး(၂)ခုကြားမှာ တည်ရှိနေတဲ့ နိုင်ငံဖြစ်ပေမယ့် နိုင်ငံကြီး(၁) နိုင်ငံတော့ မဟုတ်ပါ။ တောင်တန်း၊ မြေပြန့်၊ ပင်လယ်ပြင် စသဖြင့် ပထဝီအနေအထား အပူ၊ အအေးမတူတဲ့ သဘာဝ အနေအထား စသဖြင့် ကွဲပြားကြတဲ့နေရာများမှာ ဌာနေတိုင်းရင်းသားစုံ ဟာလည်း သူတို့တည်ရာရပ်ဝန်းများနှင့် လိုက်လျောစွာ နေထိုင်ခဲ့ကြပါတယ်။ ဓလေ့စရိုက်၊ ဘာသာစကား၊ အယူဝါဒ၊ ယဉ်ကျေးမှု၊ စာပေနဲ့ ထုံးတမ်းစဉ်လာများကို မတူကွဲပြားစွာ သုံးနှုန်းလျက် ရှေးပဝေသဏီ နှစ်ပေါင်း ထောင်ကျော် ကာလမှ ယနေ့တိုင် အေးအတူ၊ ပူအမျှ ဥမကွဲသိုက်မပျက် အတူတကွ နေထိုင် လာခဲ့ကြပါတယ်။

ဒီလိုနိုင်ငံ နယ်နိမိတ်တစ်ခုအတွင်းမှာ ပဋ္ဌာန်းဆက်များအဖြစ် ဒေသအလိုက် မတူညီမှုများနဲ့ ရှင်သန်ရပ်တည်နေကြရာမှာ အားလုံးကို ပုံစံတစ်မျိုးတည်း၊ အယူဝါဒတစ်မျိုးတည်း စသဖြင့် တစ်မျိုးတည်းဆိုတဲ့ စကားရပ်နဲ့ လွှမ်းခြုံမယ်ဆိုရင်တော့ ကွဲအက်မှုများ၊ တန်ပြန်မှုများရှိတတ်ကြတာ သဘာဝ တစ်ရပ်ပါခင်ဗျား။ မတူညီမှုများကြားမှာ တူညီမှုများကို တူရာစု၍ ထိုအစုများ ကိုမှ တူသောဆုံရပ်မှာ ပေါင်းစည်းစေခြင်းကတော့ ထာဝရပေါင်းစည်းမှုကို ရစေနိုင်ပါမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျား။ ထိုသို့ ပေါင်းစည်းနိုင် စေရန်မှာလည်း ပြည်နယ်၊ ပြည်မ၊ တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ တန်းတူ ပြဋ္ဌာန်းခွင့်၊ တန်းတူအုပ်ချုပ်ခွင့်၊ တန်းတူတရားစီရင်ခွင့်နှင့် သယံဇာတ အချိုးကျခံစားခွင့်တို့အပေါ်မှာ တည်နေသည်ဟု ယုံကြည်ပါတယ်ခင်ဗျား။

ထိုသို့ယုံကြည်သည့်အလျောက် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရား(၃)ပါး အပေါ်တွင် ရပ်တည်၍ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရန် ကျွန်တော်တို့ပါတီက အစဉ်တစိုက် ကြိုးပမ်း လျက်ရှိပါတယ်ခင်ဗျား။

ကျွန်တော်တို့ပါတီဟာ တိုင်းရင်းသားပါတီများကို အခြေပြုထားသော ပါတီဖြစ်သည်နှင့်အညီ တိုင်းရင်းသားအရေးကို အရေးအကြီးဆုံးကဏ္ဍအဖြစ် သတ်မှတ်ပါတယ်။ တိုင်းရင်းသား (လူနည်းစု) မျိုးနွယ်များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးသည် ပါတီ၏အဓိကမူဝါဒ တစ်ရပ်ဖြစ် ပါတယ်။ ထို့အပြင် လူများစု တိုင်းရင်းသားများကလည်း ထိုအချက်ကို သတိ မူမိရန်၊ အတူတကွ ဝိုင်းဝန်းစောင့်ရှောက်နိုင်ကြရန် လူမျိုးကြီး ဝါဒနှင့် အစွန်း ရောက်လူမျိုးရေးဝါဒနှစ်ရပ်ကို ရှောင်ကြဉ်ကြရန်လည်း ဆောင်ရွက်ကျင့်သုံး လျက်ရှိပါတယ်။

နိုင်ငံခြားရေးသည်လည်း ပါတီအတွက်အရေးကြီးပါသည်။ လက်ရှိကာလတွင် နယ်နိမိတ်ချင်း ထိစပ်နေသော အင်အားကြီး(၂)နိုင်ငံနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအကျိုးအတွက် ရေရှည်ဆက်ဆံရေး ထူထောင်ရပါမယ်။

စီးပွားရေးကဏ္ဍမှာတော့ တောင်ပေါ်မြေပြန့်ထွက် သယံဇာတအပါအဝင် ထွက်ကုန်ပစ္စည်းစုံကို ဈေးကွက်တွင် ကုန်ချောအဖြစ်ဖြင့်သာ တင်ပို့နိုင်ရန် ဦးစားပေးဆောင်ရွက်ရပါမယ်။ ဒီအတွက် ခေတ်ပညာတတ်လူငယ်များကို အဆင့်မြင့် နည်းပညာများရရှိရေး ပြည်တွင်း၊ ပြည်ပသို့ စေလွှတ်ရယူစေပါမယ်။ မျှတသော ပြည်တွင်း ဈေးကွက် ယှဉ်ပြိုင်မှုကိုလည်း ဖန်တီးပေးရပါမယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအားလုံး အဆင်ပြေစေရေး ရေရှည် ကြည့်၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ၊ အခြေခံအဆောက်အဦများကို ဖန်တီးပေးရပါမယ်။

နိုင်ငံတော်၏ အဓိကလုပ်ငန်းဖြစ်ခဲ့တဲ့ လယ်ယာစိုက်ရေးကဏ္ဍမှာလည်း နိမ့်ကျနေမှု အားလုံးကို ဥပဒေနှင့်အညီ မြှင့်တင်ထိန်းကျောင်းပေးရပါမယ်။ စိုက်ပျိုးရေးနည်းစနစ်အတွက် အဆင့်မီနည်းပညာ တက္ကသိုလ်များ၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ၊ ပြည်တွင်းတွင်ထုတ်လုပ်နိုင်ရေးအတွက် အဆင့်မီ စက်ရုံများ ဖော်ဆောင်ပေးရပါမယ်။ လယ်ယာမြေအပါအဝင် မြေဟူသမျှကို မတရားသိမ်းပိုက်ခြင်းများ လုံးဝမရှိစေဘဲ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်မှုကို တရားဝင်ဖြစ်ရန် ဆောင်ရွက်ပေးရပါမယ်။

သစ်တောကဏ္ဍ၊ မွေးမြူရေးကဏ္ဍတို့တွင်လည်း တရားမဝင်ထုတ်လုပ်မှု များကို နှိမ်နင်းခြင်း၊ တစ်ပင်ခုတ် ဆယ်ပင်စိုက်စနစ်များ အသက်သွင်းပေးခြင်း၊ တစ်ပိုင်တစ်နိုင် စည်းကမ်းမဲ့မွေးမြူရေး စနစ်မှ စနစ်တကျစီးပွားဖြစ် မွေးမြူရေး စနစ်သို့ တွန်းတင်ခြင်း၊ သစ်နှင့် မွေးမြူရေးထွက်ကုန်ချော များသာ နိုင်ငံတကာ သို့ တင်ပို့နိုင်ရေး ကူညီခြင်း များဖြင့် တောင်တန်းမြေပြန့်မခွဲဘဲ စီးပွားရေး အဆင်ပြေစေရပါမယ်။

နိမ့်ကျလျက်ရှိသော ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကိုလည်း အခြေခံမှစ၍ တစ်ထစ်ချင်း မြှင့်တင်ပါမည်။ အခြေခံလူတန်းစားတစ်ရပ်လုံးအား နေ့စဉ်ခြိမ်းခြောက်နေသော အစားအစာလုံခြုံမှုကို နိုင်ငံတော်မှ တာဝန်ယူနိုင်ရန် ကြိုးပမ်းပါမယ်။ မြို့နယ်တိုင်း မတတ်နိုင်သေးလျှင်ပင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတိုင်းတွင် အစားအစာ အား စစ်ဆေးပေးနိုင်မည့် အဆင့်မီဓာတ်ခွဲခန်းများကို မြန်နိုင်သမျှ အမြန်ဆုံး တည်ဆောက်ဖွင့်လှစ် ပေးရပါမည်။ တိကျစွာ စစ်ဆေး၍ ထိရောက်စွာ အရေးယူပေးရပါမည်။

ဒါမှ လူထုရဲ့ ကျန်းမာရေးဘဝကို မြှင့်တင်ပေးနိုင်ပါမည်။ ထိုမှတစ်ဆင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးပညာရှင်များ မွေးထုတ်ခြင်း၊ ပစ္စည်း ပြည့်စုံသည့် ဆေးရုံများ တည်ဆောက်ခြင်းများ ဆောင်ရွက်ရပါမည်။

နိုင်ငံ့ဝန်ထမ်းများနှင့် အလုပ်သမားများကို ဤကျန်းမာရေး၊ ပညာရေး ကဏ္ဍတွင် အခမဲ့ခံစားခွင့် ရရှိရေးကိုလည်း ဆောင်ရွက်ပေးရပါမည်။ ဝန်ထမ်းနှင့် မိသားစု (သတ်မှတ်ချက်ဖြင့်)ဟာ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွင် အခမဲ့ဆေးကုသခွင့်၊ မိသားစုဝင်များသည် ပညာရေးဌာန၏ စာသင်ရာ ဌာနတိုင်းတွင် အခမဲ့ပညာသင်ကြားခွင့် ရရှိရပါမည်။ လိုအပ်၍ ပြည်ပတွင် ရယူရန် ရှိခဲ့ပါကလည်း နိုင်ငံတော်၏စရိတ်ဖြင့် ခံစားခွင့်ရရှိစေရပါမည်။ အငြိမ်းစားရယူမည့်ဝန်ထမ်းများအတွက် နောင်ရေး မပူပန်စေရန် ၎င်းအခြေချ မည့်အရပ်တွင် ရာထူးနှင့် ကိုက်ညီသည့် နေအိမ်ကို ချီးမြှင့်ငွေအစား ပေးအပ် ချီးမြှင့်ပါမည်။ အငြိမ်းစားမယူမီကာလတွင်လည်း ဝန်ထမ်း၊ အလုပ်သမားများ၏ စားဝတ်နေရေးအတွက် လစာအပြင် ရိက္ခာများ၊ ဝတ်စုံများ၊ ဝန်ထမ်းအိမ်ရာများ ဖြင့် ထောက်ပံ့ပေးပါမည်။ အဘက်ဘက်မှ လိုလေသေးမရှိ ဖြည့်ဆည်းထား ပေးသည့်ကြားမှ အဂတိလိုက်စားမှုများ ပေါ်ပေါက်ခဲ့ပါက မထင်မှတ်နိုင်အောင် ပြင်းထန်သည့် အရေးယူမှုဖြင့် ပြစ်ဒဏ်ချမှတ်ရပါမည်။

နိုင်ငံ၏ဝန်ထမ်း၊ အရာထမ်းနှင့် အလုပ်သမားကဏ္ဍများတွင် အရည်အချင်းတူများကို အခွင့်အရေး ပေးပါက အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေး အဆင့်ထားပါမည်။ ကျား/မ၊ လူကြီး/လူငယ်မရွေး အရည်အချင်းသာသူကို ဦးစားပေးခံစားစေရမည့် ယဉ်ကျေးမှု တစ်ရပ်ကို ထူထောင်ပါမည်။

ဤဖက်ဒရယ် ပြည်ထောင်စုပါတီ FUP သည် ပြည်နယ်-ပြည်မ၊ တောင်တန်း-မြေပြန့်မခွဲခြားဘဲ မြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်လျက် ရှိကြသော ညီနောင်တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှရေးကို အခြေခံ၍ အရာအားလုံးကို ချဉ်းကပ်ပါသည်။ သို့မှသာ တိုင်းရင်းသားအားလုံး အပြန်အလှန် ယုံကြည် လေးစားမှု၊ စည်းလုံးမှုတို့ဖြင့် ငြိမ်းချမ်းမှုကိုရရှိပါမည်။ ထိုသို့ ငြိမ်းချမ်းမှသာ နိုင်ငံသားအားလုံး၏ အခြေခံလူ့အခွင့်အရေးများကို အာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတည်ဆောက် ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ တောင်တန်းမြေပြန့်မခွဲခြားဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရားပေါ်တွင် အခြေခံ၍ တစ်ဦး တစ်ဖွဲ့ချင်း၏ လွတ်လပ်မှုနှင့် အခွင့်အရေးကို အလေးထားပြီး လူနည်းစုကို အခြေပြုသော ပြည်သူအားလုံးအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးမည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် အဓိကမောင်းတံ ဖြစ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ FUPကို မဲပေးကြဖို့ တောင်းဆိုမေတ္တာရပ်ခံ အပ်ပါတယ်..ခင်ဗျား။

တောင်ပေါ်မြေပြန့်မှ ညီနောင်သားချင်းများအားလုံး ကပ်ကြီး(၃)ပါး၊ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်လာသော နိုင်ငံရေးရွေးကောက်ပွဲတွင် နိုင်ငံရေးစစ်စစ် ကိုသာ ရွေးချယ်နိုင်ကြပါစေကြောင်း၊ ကိုယ်စားလှယ်အရွေးမှန်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား။