Skip to main content

ကျန်းမာရေးအသိဖြင့် စိုးရိမ်မှုများဖယ်ရှား

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ မြင့်မားနေဆဲဖြစ်သည်။ မြို့နယ် အလိုက် သံသယရှိသူများကို ရောဂါရှာဖွေစစ်ဆေးပေးလျက်ရှိရာ ပိုးတွေ့လူနာများ မြို့နယ် အလိုက် ပေါ်ထွက်နေဆဲဖြစ်ပြီး နေ့စဉ်ပိုးတွေ့လူနာများ ရာနှင့်ချီ၍ရှိနေသည်။ အောက်တိုဘာ လ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၅၅၂၅ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရခဲ့သူ ၄၃၇၈ ဦး ရှိသည်။

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်သည့် ကိရိယာများ ရောက်ရှိနေပြီဖြစ်ရာ ရောဂါပိုးရှိသူများ ပိုမိုတွေ့ရှိ လာမည်သာ ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ “မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ test kit တွေကိုသုံးပြီဆိုရင် ရောဂါပိုးရှိတာတွေ ပိုပြီးတော့ တွေ့လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်စစ်လိုက်တဲ့အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန် သိရတဲ့အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းက ပိုပြီးတော့ကောင်းလာမယ်” ဟု အသိပေး ပြောကြားထားသည်။

ယခုအခါ ဆေးရုံများတွင် test kit များနှင့် သံသယရှိသူများအား စစ်ဆေးနေပြီဖြစ်ရာ ရောဂါပိုး ရှိ၊ မရှိ မှန်မှန်ကန်ကန် မြန်မြန်သိလာပြီဖြစ်၍ အောက်တိုဘာလ ၂ ရက်နေ့တွင် ပိုးတွေ့ လူနာသစ်များ ပိုမိုတွေ့ရှိခဲ့သည်။ ပိုးတွေ့လူနာသစ်များ တိုးပွားနေသော်လည်း စိုးရိမ်ပူပန်ဖွယ် မဖြစ်ကြရန် သတိပြုဖို့လိုသည်။ ရောဂါပိုးကို စောစောတွေ့၍ စောစောစီးစီး ကုသမှုခံယူနိုင်လျှင် စောစောစီးစီး ရောဂါပျောက်ကင်းလျော့နည်းသွားမည် ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဗဟုသုတများ အတော်များများ သိရှိထားပြီးဖြစ်သည်။ ဗဟုသုတနည်းပါးပြီး အသိနည်းသူလည်း ရှိမည် ဖြစ်သည်။

ယခုလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိသတိကြီးစွာ ထားရမည့် အချိန် ဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဖွဲ့စည်းပေးထားသော နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့် ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းထားပြီး ထိုအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသောအချက်များ၊ သိရှိသင့်သော အချက်များကို အွန်လိုင်းမှ တစ်ဆင့် ဖြေကြားပေးနေရာ ပြည်သူများအတွက် ကျန်းမာရေးအသိများ တိုးပွားကာ အကျိုးများ မည်မှာ သေချာပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာသဘာဝနှင့် ကုသပေးမှု အခြေအနေ ပြောင်းလဲတိုးတက်မှုတို့ကို ပြည်သူများသိရှိလာရ၍ စိုးရိမ်ပူပန်မှုများ လျော့ကျလာမည်ဖြစ်သည်။ လူတစ်ယောက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရသောအခါ ရောဂါလက္ခဏာ ပျိုးချိန်၊ ရောဂါရချိန်၊ ရောဂါလက္ခဏာရှိသော်လည်း ရောဂါလက္ခဏာ မပြင်း ထန်သောသူ အများစုရှိသည်။ ရောဂါလက္ခဏာ ပြင်းထန်သူ အနည်းစုကို အသက်ရှူ အထောက်အကူပြု ကိရိယာများတပ်ဆင်ကာ ကုသပေးရမှုများလည်းရှိသည်။ ထိုအထဲတွင် ရောဂါအခံ ရှိသူအချို့ အသက်အန္တရာယ် ထိခိုက်ခဲ့ရ သည်။

ရောဂါလက္ခဏာပြောင်းလဲလာမှုအရ ပိုးတွေ့လူနာသည် ၁၀ ရက် နောက်ပိုင်းတွင် ပိုးဆက်လက် ရှိကောင်း ရှိနိုင်သော်လည်း ပိုးသည်အန္တရာယ် ပေးနိုင်သော အဆင့်မရှိတော့ပေ။ အခြားလူများ ကိုလည်း ဆက်လက်ကူးစက် နိုင်စွမ်းမရှိတော့တဲ့ နောက်ဆုံးအခြေအနေ သိရှိရသည်။ ထို့ကြောင့် ရောဂါပိုး ရှိသူများအား ဆေးရုံများတွင် အထူးဂရုစိုက်ကုသပေးလျက်ရှိပြီး ရောဂါ မရှိသော လူနာများအား ၁၁ ရက်နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခြင်း၊ ဆေးရုံဆင်းပြီးသော အခါ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ခြင်းတို့ကို တိတိ ကျကျ လုပ်ဆောင်နေသည်။ ထိုသို့ပြောင်းလဲကျင့်သုံး ဆောင်ရွက် မှုကြောင့် ယခုနောက်ပိုင်းတွင် လူနှစ်ထောင်ကျော် ဆေးရုံမှဆင်းခွင့်ရသွားပြီ ဖြစ်သည်။

သို့ဖြစ်ရာ ပိုးတွေ့ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသောသူများသည် မိမိတို့၏နေအိမ်တွင် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာကျင့်ကြံ နေထိုင်လိုက်ပါက ရာနှုန်းပြည့် ကူးစက်မှုမဖြစ်နိုင်သောအနေအထားကို ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် ရောဂါပိုး တွေ့ရှိခဲ့သူများ၊ မတွေ့ရှိရသူ ပြည်သူများ အားလုံးသည် ကိုဗစ်-၁၉ ကာကွယ်ရေး ဆေးလေးမျိုးဖြစ်သည့် (၁) နှာခေါင်းစည်း ကိုတပ်ပါ။ (၂) လက်ကို ခဏခဏ ဆေးပါ။ (၃) အိမ်မှာနေပါ။ (၄) ခပ်ဝေးဝေးလေးနေပါဟူသည့် ကျန်းမာရေး အသိရှိပါလျှင် စိုးရိမ်ပူပန်မှုများကင်းဝေးကာ ကိုဗစ်-၁၉ ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း။ ။