Skip to main content

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရပ်ကွက်၊ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရပ်ကွက်၊ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မဲခေါင်စာပေဆုရှင် စာရေးဆရာ နေမင်းသန်း၊ အမျိုးသားစာပေဆုရှင် ဆရာအောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မဲခေါင်စာပေဆုရှင် စာရေးဆရာ နေမင်းသန်းက မိမိရေးသားသည့် သီကုံးပန်ဆင် ကဗျာဗုဒ္ဓဝင်စာအုပ်သည် ဗုဒ္ဓဘာသာဥသျှောင်၊ သာသနရှေ့ဆောင် ဆရာတော်ကြီးများ၊ ပညာရှင်များအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ လူငယ်လူရွယ်၊ ကျောင်းသူ ကျောင်းသားများနှင့် ဗုဒ္ဓဘာသာအခြေခံလိုအပ်သူများအတွက် ရည်ရွယ်ရေးသားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များနှင့် အများဆုံးထိတွေ့သည့် ကျောင်းစာကြည့်တိုက်၊ ကျေးလက်စာကြည့်တိုက်နှင့် မြို့နယ်စာကြည့်တိုက်များမှတစ်ဆင့် ပျံ့နှံ့ရောက်ရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မဲခေါင်စာပေဆုရှင် စာရေးဆရာ နေမင်းသန်းက ၎င်းကိုယ်တိုင် ရေးသားပြုစုထားသော “သီကုံးပန်ဆင်ကဗျာ ဗုဒ္ဓဝင်စာအုပ် ၁၃၀ ကိုလည်းကောင်း၊ အမျိုးသားစာပေဆုရှင် ဆရာဦးအောင်စိုးက ဆရာမြတ်ရှင်နှင့် ဆရာရွှေရည်စိုးတို့ကိုယ်စား ဇေယျာစာပေဘဏ်တိုက်မဂ္ဂဇင်း အမှတ် (၁) စာအုပ် ၅၀ နှင့် ကျေးလက်တစ်ခွင်သာစေချင် စာအုပ် ၃၅ အုပ်တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

သတင်းစဉ်