နေပြည်တော် ဇန်နဝါရီ ၂၁
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်ဖြင့်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများက အသက် (၁၈) နှစ်အထက် လူဦးရေစာရင်းများကို အဆင့်ဆင့်စိစစ်အတည်ပြုပေးပို့လျက်ရှိရာ ယင်းစာရင်းများကို ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စိစစ်အတည်ပြုပေးပို့လျက်ရှိကြောင်း၊ ယခုအခါ ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေကိန်းဂဏန်းအချက် အလက်များနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှရရှိသည့် စာရင်းအချက်အလက်များကို မြို့နယ်အဆင့်မှစ၍ အခြေခံကျကျတိုက်ဆိုင်စိစစ်ကာ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ပြုစုပေးပို့ကြရန်လို
ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရာဒေသအလိုက် ရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိသည့်အတွက် ယင်းတို့၏အမည်စာရင်းများကို မဲစာရင်းတွင်ပါရှိရေးနှင့် မဲစာရင်းမထပ်စေရေးတို့အတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ အချင်းချင်းအပြန်အလှန် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကြီးကြပ်မှုကော်မတီများက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင်ရှိမည့် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများကို အဆင့်ဆင့်စိစစ်အတည်ပြုပေးပို့သည့်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS) သို့ ထည့်သွင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြန်အလှန်စိစစ်လျက်ရှိရာ အချက်အလက်ကွဲလွဲ မှုနှင့်မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့်မပါရှိမှု စသည့်ကွဲလွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့်စနစ်တကျ စိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ညှိနှိုင်းဖြည့်ဆည်းပေး
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်