Skip to main content

နှလုံးသွင်းမှန်မှန် တာဝန်ကျေကျေ

 

 

ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း ဘဝရှင်သန်နေထိုင် ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရှိသည်များကို လုပ်ဆောင်နေကြရင်း ဗြုန်းဆိုပေါ်ပေါက်လာသည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ကြီးနှင့် ကြုံရသည့်အခါ ကိစ္စများ မြောင်ဆိုတာထက် မကနိုင်တော့။ ကိစ္စများမြောင်ထက်ပိုသော တွေးတောဆင်ခြင်ရသည်များ၊ သမားရိုး ကျ လုပ်နေရသည်ထက် ပိုမိုပြင်ဆင်ရသည်များ၊ ပုံမှန်ကြုံတွေ့နေကျများထက် ဖြေရှင်းရသည်များက ပိုလာတော့၏။ ထို့ပြင် ပုံမှန်နေ့စဉ်လုပ်ကိုင်နေရသည်တို့ထက် ပိုမိုလာသည့် မဖြစ်မနေ လုပ်ရမည်များက ပခုံးပေါ်ရောက်လာ၏။

ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုက တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသည့်အတွက် ကိစ္စမြားမြောင်က တစ်ဖက်၊ စိုးရိမ်ပူပန်ရသည်ကတစ်ဖက် ဖြစ်လာသည်။ ပုံမှန်နေ့စဉ် ဖြေရှင်းနေရသည့် ဘဝထဲသို့ စိုးရိမ်ကြောင့်ကြ စရာများနှင့်အတူ အမူအကျင့်နှင့် စံနှုန်းပြောင်းလဲရသည်တို့ တွဲ၍လာသည့်အခါ ရုပ်ခန္ဓာအရပါမက စိတ်နှလုံးကိုပါ ဒဏ်ပိထိခိုက်ရပါသည်။

ယင်းသို့ ဝန်ထုပ်ဝန်ပိုးများ လေးလံလာလျှင် လူတို့သည် ညှိုးရော်နွမ်းနယ်မှုနှင့်အတူ စိတ်နှလုံးအားဖြင့် ခက်ထန် လာခြင်း၊ အပြောအဆိုများကြမ်းတမ်းမာကျောလာခြင်းတို့ ဖြစ်လာတတ်သည်မှာလည်း ဓမ္မတာဟု ဆိုရပါမည်။

လူ့ဘဝသည် ခက်ထန်ရိုင်းပျကြမ်းတမ်းနေရုံနှင့် အေးချမ်းပြေလည် သွားသည်မဟုတ်။ တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ခြင်းက သာ အခက်အခဲအကျပ်အတည်းများကို အောင်မြင်ကျော်လွှားနိုင် မည်ကို နှလုံး သွင်းဖို့ လိုပါသည်။ လူ့အဖြစ်ကို ရရှိစဉ် ခန္ဓာဝန်ထမ်းရသည်ကစကာ လူတိုင်းဘဝကို ရုန်းကန်ရင်ဆိုင်ကြရသည်သာ ဖြစ်၏။ အေးမြငြိမ်းချမ်းသောဘဝကို လူတိုင်းတောင့်တကြ သည်ဟုဆိုသော်လည်း လက်တွေ့ တွင် လိုအင်တောင့် တမှုများ ကို ပြည့်စုံအောင် ကြိုးစားနေရခြင်း၊ ခက်ခဲကျပ်တည်းမှုများကို သက်သောင့်သက်သာဖြစ်ရေး ဖြေရှင်း နေရခြင်း တို့ဖြင့် ပင်ပန်းကြ ရလေ့ရှိပြန်သည်။ အေးမြငြိမ်းချမ်းသောဘဝ၏ မူလအစမှာ ယောနိသော မနသိကာ ရဟူသည့် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်းဟု ဆိုရပါမည်။

ဖြစ်ပျက်တွေ့ကြုံလာရသမျှကို သဘောထားမှန်မှန်ကန်ကန် ဖြင့် သင့်သင့်တင့်တင့် နှလုံးသွင်းခြင်းက ကြုံနေရသည့် အခက် အခဲအကျပ်အတည်း၏ အတိမ်အနက်ကို နားလည်လာစေမည်။ ထိုအကျပ် အတည်းကို မည်သို့ ရင်ဆိုင် နိုင်မည်၊ မည်သို့ကျော်လွှား ရမည်ဆိုသည်ကို တည်တည်ငြိမ်ငြိမ်ဖြင့် မှန်းဆပြင်ဆင်နိုင်မည် ဖြစ်ပါ သည်။

ယနေ့ ကြုံတွေ့နေရသည်များသည် မိမိတစ်ဦးတည်းကွက်၍ ခံစားနေရခြင်းမဟုတ်ဘဲ အများနှင့် အားလုံးနှင့် အတူတကွ ခံစားနေရခြင်းဖြစ်သည် မဟုတ်ပါလော။ လူ့လောကတစ်ခုလုံး ကြုံတွေ့နေရသည်ကို လူသားတို့က အောင်မြင်ကျော်လွှားနိုင်ရေး နည်းနာမှန်သမျှကို ရှာဖွေနေကြသည် မဟုတ်ပါလော။ မိမိတို့ တတ်စွမ်းသမျှ အင်အားဖြင့် ပြဿနာ၏ရင်းမြစ်ကို ဖြေရှင်းနိုင်ရေး ရှာဖွေသူကရှာဖွေ၊ လူအများ လက်ငင်းခံစားနေရသည့် ဝေဒနာကို ကုစားဖြေရှင်းသူက ဖြေရှင်း၊ ဆက်လက်တိုးပွားမလာရေး ကာကွယ်နိုင်ရေး ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်သူက ဆောင်ရွက်လုပ်နေကြ၏။ လူတိုင်း ကိုယ်စီ ကိုယ်ငှမိမိတို့တတ်နိုင်သည့်နေရာမှ ပါဝင်ရင်း ကျရာ တာဝန် ထမ်းဆောင် ကြခြင်းကသာ အမှန်တကယ် အေးမြငြိမ်းချမ်းခြင်းကို တွေ့ရမည်ဟု ယုံကြည်ပါသည်။

တတ်ကျွမ်းနားလည်သူများက ကိုယ်စီကိုယ်စီ ဆေးရုံများ၊ ကန့်သတ်ဗဟိုဌာနများတွင် တာဝန်ယူ အလုပ်လုပ် နေကြပါသည်။ သည်လိုအချိန်တွင် ပြည်သူလူထုကြီးက အိမ်တွင်းမှာနေထိုင်ရင်း အိမ်ပြင် လုံးဝမထွက်ခြင်း၊ လူချင်း ခွာနေကြခြင်း၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောခြင်း၊ အတတ်နိုင်ဆုံး အိမ်တွင်း နေရမည်ဖြစ်သော် လည်း မဖြစ်မနေထွက်ရမည်ဆိုလျှင် မျက်နှာဖုံး နှာခေါင်းစည်းတို့ကို တပ်ဆင်ခြင်း တို့ဖြင့် ပြည်သူ့တာဝန်ကို ကျေပွန် စွာယူကြမှသာ တကယ့်အေးမြငြိမ်းချမ်းသော အခြေအနေကို ပြန်လည်ရရှိမည်ဖြစ်ပါကြောင်း။ ။