မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသ ခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူ များ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ကမ္ဘာတစ်ဝန်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဟာ မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ စတင်တွေ့ရှိ ပျံ့နှံ့လာခဲ့ပြီး ဖြစ်ပါတယ်။
ယခုလက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်ပြန့်ပွားမှု များပြားလာတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် စည်းကမ်းတွေ သတ်မှတ် ဆောင်ရွက်နေခဲ့တာကို ပြည်သူတွေအားလုံးလည်း သိရှိကြပြီး ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ Coronavirus Disease 2019 (Covid – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံတော်အစိုးရအနေနဲ့ လေးလေးနက်နက်ထားပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင် ပေးနေပါတယ်။ ကိုဗစ် - ၁၉ ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်း တွေရော၊ စေတနာ့ဝန်ထမ်းတွေရော အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်နေ ကြပါတယ်။ အတည်ပြုလူနာ အရေအတွက်က များလာတဲ့အခါမှာ မပြည့်စုံတာတွေ ရှိခဲ့ရင်လည်း သည်းခံပေးကြစေချင်ပါတယ်။ ယခုလည်း နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ပေးရေးအဖွဲ့ဆိုပြီး ကျန်းမာရေးဝန်ကြီး(အငြိမ်းစား) ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပါမောက္ခကြီးတွေ၊ အငြိမ်းစား ပါမောက္ခကြီးတွေ၊ သမား တော်ကြီးတွေ ဝင်လာပြီး လုပ်ပေးတယ်ဆိုတာ အင်မတန်မှ အားရစရာ ကောင်းပါတယ်။” ဆိုပြီးတော့ ၂၀၂၀ ပြည့် နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က နိုင်ငံအတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်း ပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာကို မိဘပြည်သူများလည်း ကြားသိခဲ့ ရပြီး ဖြစ်ပါတယ်။ ယခုဆိုရင် ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့် ဦးဆောင်တဲ့ နည်းပညာကူညီပံ့ပိုး အားဖြည့် ပေးရေး အဖွဲ့ဟာလည်း အွန်လိုင်းကနေတစ်ဆင့် စတူဒီယို ထဲမှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးမှုမှာ ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သန္တာလွင်က ဆောင်ရွက်ပေးမှာဖြစ်ပြီး နည်းပညာကူညီပံ့ပိုး အားဖြည့်ပေးရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆရာကြီးပါမောက္ခ ဒေါက်တာကျော်မြင့်နဲ့အတူ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်း တို့ကလည်း ပါဝင်ဆွေးနွေး ပေးသွားကြမှာ ဖြစ်ပါတယ်။
ဆရာကြီး/ဆရာမကြီးတို့ အားလုံး မင်္ဂလာပါ။ ဒီနေ့ဆွေးနွေးမှုမှာ ပါဝင်ပြီး ဆွေးနွေးပေးတဲ့ အတွက် ဆရာကြီး/ ဆရာမကြီးတို့အားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား ချင်ပါတယ်။ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် ဆရာမကြီးကနေ စတင်ပြီး ဆွေးနွေးပေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန္တာလွင် ။ ။ မင်္ဂလာပါရှင်။ ဒီကနေ့ MRTV မှ ထုတ်လွှင့်တဲ့ အစီအစဉ် အသစ် တစ်ခုဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ ဆောင်ရွက်ထားမှုတွေကိုလည်း ဆွေးနွေးနိုင်တယ်၊ မေးမြန်းတဲ့ ပြည်သူတွေက သိရှိလိုလို့ မေးမြန်းတာ တွေကိုလည်း ဖြေကြားပေးပို့အတွက် အစီအစဉ်တစ်ရပ်ကို ပါဝင်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဦးဆောင်ဆွေးနွေးသူအဖြစ်နဲ့ ကျွန်မနဲ့အတူ ဆရာကြီး နှစ်ယောက် ရှိပါတယ်။ ယခု စက်တင်ဘာလ ၂၀ ရက်က စတင်ပြီး ဗဟိုကော်မတီက အဖွဲ့ ဖွဲ့စည်းပေးခဲ့တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးအကြံပြု အားဖြည့် ဆောင်ရွက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး ပါမောက္ခဒေါက်တာ ကျော်မြင့်နဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်း တို့ ရှိပါတယ်။ ဆရာကြီး ဒေါက်တာကျော်မြင့်ကို ကျွန်မစတင်ပြီး မေးမြန်းချင်ပါတယ်။ ဆရာကြီးတို့အဖွဲ့ အနေနဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ဖွဲ့စည်း ပြီးတဲ့နောက်မှာ စတင်ဆောင်ရွက်ထားတဲ့ ကိစ္စလေးတွေကို ဆရာကြီးအနေနဲ့ တင်ပြဆွေးနွေးပေး စေချင်ပါတယ်။
ပါမောက္ခဒေါက်တာကျော်မြင့် ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ယခုကဲ့သို့ ကျွန်တော်တို့ ပြည်သူလူထုကို ကိုဗစ်ရောဂါနဲ့စပ်လျဉ်းပြီး ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားသော ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန် အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန် ခဲ့ပါတယ်။
ဒီအဖွဲ့မှာ ခေါင်းဆောင်အဖြစ် ကျွန်တော်ပါဝင်ပါတယ်။ ကျွန်တော်က ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး ဖြစ်ပါတယ်။ အဲဒီနောက် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်း (အငြိမ်းစား) ဆေးပညာဌာနဖြစ်ပါတယ်။ ဒေါက်တာဝင်းမြင့် ဒုတိယဝန်ကြီး (အငြိမ်းစား) ကျန်းမာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ နောက်ပါမောက္ခဒေါက်တာမြင့်ဟန် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ပါမောက္ခဒေါက်တာ ဦးစိုးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ဒေါက်တာဦးသန်းဝင်း ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန(အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ဦးက ပါမောက္ခ ဒေါက်တာဦးရဲမြသွေးနှင့် သွေးရောဂါကုဌာနမှာ ပါမောက္ခ/ဌာနမှူး အပြင် လက်ရှိ ကိုဗစ်ရောဂါ ကုသရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ နောက်ဆုံး တစ်ယောက်က ပါမောက္ခ ဒေါက်တာထင်အောင်စော ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုဥက္ကဋ္ဌဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပဏာမအားဖြင့် ဒီလောက်နဲ့ ရပ်နားပါမယ်။
ဒေါက်တာသန္တာလွင် ။ ။ဆက်လက်ပြီးတော့ ကျွန်မတို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို ပေးပို့ထားတဲ့ မေးခွန်းတွေထဲကနေပြီး တူရာ၊ တူရာ မေးခွန်းအချို့ကို စုစည်းပြီး ကျွန်မတို့ ယခု ရတဲ့ အချိန်လေးအတွင်းမှာ ဖြေကြားသွားဖို့ ဖြစ်ပါတယ်။
ပထမဆုံး အလွန်အမေးများတဲ့ မေးခွန်းတစ်ခုကတော့ ကျွန်မတို့နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါကို မတ်လ / ဧပြီလ တွေတုန်းက စတင်ပြီးမတ်လမှာ စတင်ခံစားခဲ့ရပြီး မတ်လ / ဧပြီလတုန်းက အဲဒီလောက် လူနာတွေ မများဘဲနဲ့ ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်။ ယခုဩဂုတ်လ အလယ်ကစပြီးတော့ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာတယ်ဆိုတာကို တွေ့ရပါတယ်။ ထိန်းသိမ်းရတာလည်း ခက်ခဲနေတယ်လို့ ယူဆရပါတယ်။ အဲဒီဟာ ဘာကြောင့်ပါလဲဆိုတဲ့ မေးခွန်းကို မေးထားပါတယ်ရှင့်။
အဲဒီမေးခွန်းကိုတော့ ကျွန်မကပဲ ဖြေကြားပေးပါမယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ် ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ကြိုတင်ပြင်ဆင်မှု တွေကို ဇန်နဝါရီလ ၅ ရက်နေ့တည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ ပထမဦးဆုံးသော လူနာကို ကျွန်မတို့ နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေအတွက် ကျွန်မတို့နိုင်ငံအနေနဲ့ ဦးဆောင်ပြီး လမ်းညွှန်ဆောင်ရွက် နိုင်ဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေ၊ ချမှတ်ပြီးတော့ ပံ့ပိုးဆောင်ရွက်မှု တွေကို ဦးဆောင်လမ်းညွှန်နိုင်ဖို့အတွက် ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုလည်း ၁၃ - ၃ - ၂၀၂၀ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ထို့နောက်မှာ ကျွန်မတို့အနေနဲ့ မူဝါဒတွေ ချမှတ်ပြီး၊ နည်းဗျူဟာတွေ ချမှတ်ပြီး ဆောင်ရွက် ခဲ့တာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ရှာဖွေတွေ့ရှိလာတဲ့ လူနာတွေ ကို ကုသနိုင်ဖို့အတွက် ခွဲခြားပြီးတော့မှ ကုသနိုင်သလို ဒီလူနာတွေရဲ့အတူနေ မိသားစုတွေ၊ ထိတွေ့ဖူးတဲ့သူတွေ ဒီလူတွေ အကုန်လုံးကိုလည်း ရှာဖွေပြီး သူတို့ရဲ့ ခရီးသွားလာမှုကို ကန့်သတ်ထိန်းချုပ်တဲ့ Quarantine စင်တာတွေ မှာ ထားရှိနိုင်ပြီးတော့ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစား ခဲ့ပါတယ်။ တကယ့်နည်းဗျူဟာက ထိန်းချုပ်နိုင်တဲ့ နည်းဗျူဟာကို ကျွန်မတို့ စတင်ကျင့်သုံးခဲ့တဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနဲ့ ဝင်ရောက်တာတွေကအစ ထိန်းချုပ်ဆောင်ရွက် နိုင်ခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်၊ နယ်စပ်ဒေသတွေမှာ အဝင် အထွက် ဖြတ်ကျော်တာတွေကို ကျွန်မတို့ရဲ့ ကျန်းမာရေး စစ်ဆေးချက်နဲ့ သူတို့ရဲ့ခရီးသွားရာဇဝင်ယူပြီးတော့ ထိန်းချုပ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တယ်။ ပြီးတော့ Stay at Home အမိန့်၊ မိမိအိမ်မှာပဲ နေနိုင်ဖို့ အတွက် ကျွန်မတို့ ဒီလမ်းညွှန်မှုတွေကို ဆောင်ရွက်တဲ့ အခါမှာ ပြည်သူလူထုတွေက လိုက်နာခဲ့ကြပါတယ်။ ကျွန်မ တို့ သင်္ကြန်ကာလမှာလည်း အိမ်မှာနေပါဆိုတဲ့ မေတ္တာရပ်ခံချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြည်သူတွေကို ပြောကြားပြီး မေတ္တာရပ်ခံခဲ့တဲ့အတွက် အလွန်ထိရောက်ခဲ့ပြီး ပြည်သူတွေက အိမ်မှာနေခဲ့ကြ တာကို ကျွန်မတို့ တွေ့ရှိရပါတယ်။
ဒါ့အပြင် ကျွန်မတို့ရဲ့ အထိရောက်ဆုံး ကာကွယ်ခြင်း နည်းဗျူဟာတွေဖြစ်တဲ့ နှာခေါင်းစည်း တပ်ဆင်ဖို့ရယ်၊ ခဏခဏ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးဖို့ရယ်၊ Social Distancing တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုမရှိဘဲနဲ့ ခပ်ခွာခွာ ခြောက်ပေအကွာနေဖို့ရယ်ဆိုတာတွေကို လမ်းညွှန်ခဲ့တဲ့နေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက သိသာပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက သေသေချာချာ လိုက်နာခဲ့တဲ့အတွက် ပထမလှိုင်းလို့ ပြောလို့ရတဲ့ ပထမအကြိမ် မတ်လနဲ့ ဧပြီလမှာဖြစ်တဲ့ ကိုဗစ် - ၁၉ ကို ကျွန်မတို့က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ ဒေသအတွင်းမှာ တပ်လှန့်မှုရှိလာပါတယ်။ ပထမကတော့ နိုင်ငံအပြင်က ဝင်လာတဲ့သူတွေထံက ရောဂါပိုးကပါလာတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ထိန်းချုပ်ရေး နည်းဗျူဟာကို တိကျစွာလိုက်နာကျင့်သုံးခဲ့တဲ့အခါမှာ ကျွန်မတို့ ကောင်းမွန်စွာ ထိန်းချုပ် နိုင်ခဲ့ပါတယ်။
ယခု ဩဂုတ်လ ၁၆ ရက်ကစပြီး လူနာတွေ ပြန်ဖြစ် လာပါတယ်။ ပြန်ဖြစ်လာတဲ့ဟာက အခု ရန်ကုန်တိုင်းမှာ ဆိုရင် တော်တော်လေးအဖြစ်များနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဒီနည်းဗျူဟာတွေအရ ဆက်လက် ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ Quarantine စင်တာမှာ ထားပါတယ်။ လူနာတွေတွေ့ရင် လူနာတွေမှာ ဒီရောဂါလက္ခဏာတွေ ပေါ်လာရင် ဆေးရုံမှာထားပြီး စစ်ဆေးကုသပါတယ်။ ဓာတ်ခွဲစစ်ဆေးလို့ တွေ့ရှိရင် လူနာတွေကို ဆေးရုံတင်ပြီး လူနာတွေ ကုသ ပေးပါတယ်။
ထို့အတူ Contact Tracing ခေါ်တဲ့ ထိတွေ့ထားတဲ့ သူတွေကိုလည်း ရှာဖွေပြီးတော့မှ Quarantine စင်တာထဲ မှာ ထားပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်မတို့ရဲ့ ကိုဗစ်-၁၉ ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲမှု ရှိနေတယ်ဆိုတာကို ကမ္ဘာ့ နိုင်ငံများရဲ့ အတွေ့အကြုံအရ သိထားရ ပါတယ်။ D614 ကနေ G614 အသွင်ပြောင်းထားတာ ဖြစ်တဲ့အတွက် ကူးစက်ပြန့်ပွားမှု နှုန်းမြန်ဆန်တဲ့ ပိုးဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ပြီးတော့ ပထမလှိုင်း တုန်းက ကျွန်မတို့ အနေနဲ့ သိပ်ပြီးမသိသာတဲ့ လက္ခဏာတစ်ခုက ယခုဆိုရင် အနံ့ပျောက်သွားတဲ့ လက္ခဏာကို ပြည်သူလူထုကြားမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်။ ဒါကနောက်ပြီး ဒေသအတွင်း ပျံ့နှံ့မှုရှိတဲ့ အတွက် လူတွေအကြား ကူးစက်မှုက အလွန်မြန်ဆန်နေတဲ့ပိုးကို ကျွန်မတို့ ယခုရင်ဆိုင် နေရတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အိမ်မှာနေပါ။ အိမ်မှာနေပါဆိုတဲ့ မေတ္တာရပ်ခံချက်တွေပြီးတော့ ကျွန်မတို့ Stay at Home အမိန့်တွေချပြီးထားသလို ကျွန်မတို့ ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှာခေါင်းစည်း တပ်ပါ။ လိုအပ်တဲ့ အကာအကွယ်တွေသုံးပါ။ ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာ လက်ဆေးပါ။
ခြောက်ပေအကွာနေပါလို့ ပြောကြားနေရခြင်းဖြစ်ပါတယ်။ ဒီကနေ့ကျွန်မတို့ ဆွေးနွေးနေတဲ့ ဆရာကြီးနှစ်ပါးက Mask မတပ်ထားပါဘူး။ ကျွန်မက Mask တပ်ထားပါတယ်။ ကျွန်မအနားမှာ ခြောက်ပေအကွာမှာ တခြားသူတွေ ရှိနေတဲ့အတွက် Mask ကို တပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ ခြောက်ပေအကွာ ဆက်ပြီးနေပါ။ မိမိကိုယ်ကနေ ကာကွယ်ဖို့အတွက် ဒီ Mask ကို တပ်ထားမယ်ဆိုရင် ကျွန်မတို့ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒုတိယ လှိုင်းမှာ ခက်ခက်ခဲခဲ ထိန်းသိမ်းနေ ရတယ်ဆိုပေမယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရဲ့လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာဖို့ လိုအပ်ပါတယ်ဆိုတာ ကျွန်မအနေနဲ့ ပြန်လည် ဖြေကြားပါရစေရှင့်။
ဆက်လက်ပြီး ဒုတိယမေးခွန်းကို ဆက်လက်မေးမြန်းခွင့်ပြုပါ။ ဒီမေးခွန်းကတော့ ပိုးမျိုးကွဲတွေ ရှိလာပြီဖြစ်တဲ့ အတွက် ကူးစက်မှုများစေပြီး ရောဂါသိပ်မပြင်းထန်ဘူးဆိုပြီး ပြောကြတာ မှန်ပါသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးကိုတော့ ဆရာကြီးပါမောက္ခ ဒေါက်တာညွန့်သိန်းက ဖြေကြားပေး စေလိုပါတယ်ရှင့်။
ပါမောက္ခဒေါက်တာညွန့်သိန်း ။ ။ ဟုတ်ကဲ့ အဲဒီမေးခွန်းက အင်မတန်အရေး ကြီးတဲ့မေးခွန်းပါ။ တကယ်လည်း မေးထိုက်တဲ့ မေးခွန်းပါ။ အဲဒါစပြီးတော့ မျိုးကွဲတာ စပြီးပေါ်ကတည်းက ဒီမေးခွန်း နဲ့ ပတ်သက်လို့ ငြင်းကြခုံကြရင်းနဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် နေရာ အနှံ့အပြားမှာ လူနာတွေတော်တော် များသွားတာပါ။ အဲဒီတော့ ခုနတုန်းက ဒေါက်တာ ဒေါ်သန္တာလွင် ပြောသလိုပဲ D614 ကနေ G614 ကို ပြောင်းသွားပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း ဆေးသုတေသနဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးဇော်သန်းထွန်း တို့အုပ်စု တွေ့ထားတဲ့ဟာမှာ G614 တွေ တွေ့နေပြီ ဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း G614 တွေဖြစ်နေပြီ၊ အဲဒီလို ဓာတ်ခွဲစမ်းသပ်တာတွေ၊ သုတေ သနတွေ တွေ့ရှိချက်အရ G614 ရဲ့ထူးခြားချက်က အားလုံးသေချာတာတစ်ခုက နံပါတ်(၁) သူသည် အကူး သိပ်မြန်တယ်။ ကူးတာမှ တချို့ ၁၀ ဆ၊ အဆ ၂၀ ပိုများ ပါတယ်။ ဒါက နံပါတ် (၁) သိပ်သေချာပါတယ်။
နံပါတ် (၂) သူကနဂိုတုန်းက D ထက်စာရင် G က တွယ်ကပ်မှုပိုဖြစ်တယ်။ သူက အသက်ရှူ လမ်းကြောင်းထဲ ဝင်သွားရင် ပိုပြီးတွယ်ကပ်မှုများပါတယ်။ တွယ်ကပ်မှု များတယ်ဆိုက တည်းက တော်တော်နဲ့သူက ပြန်မထွက်တဲ့ သဘောပါ။ နံပါတ် (၃) က ဝင်သွားတဲ့ ပိုးအကောင်ရေ Viral load လို့ ခေါ်ပါတယ်။ Viral load လည်း ပိုများတယ်။ ဒါပေမယ့် အဲဒီ G614 ဖြစ်ခါစမှာ နိုင်ငံအနှံ့အပြားမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူနာတွေက သိပ်မတက်လာပါဘူး။ ဘာလို့မတက်လာလဲ ဆိုတော့ ပထမလှိုင်းတုန်းက အားလုံးက ဆင်ခြင်ထားတဲ့အတွက်ကြောင့်မို့လို့ ပြောကြစတမ်းဆိုရင် အသက်ကြီး တဲ့သူတွေ၊ ခုနက ရောဂါအခံရှိတဲ့သူတွေ တော်တော် များများက အိမ်ထဲမှာ နေနေတယ်။ နောက်ပြီး တော့ ခုနက ပြောခဲ့တဲ့ Mask တပ်တာတို့၊ လက်ဆေးတာတို့၊ Social Distancing ကို လိုက်နာနေတဲ့အချိန်မှာ ဖြစ်တဲ့ အတွက်ကြောင့် လူနာက ရောဂါမတက်လာဘူး။ဒါပေမယ့် ခုနတုန်းက လူတွေက အထင်မှားသွားတယ်။ D ကနေG ပြောင်းသွားတဲ့အခါမှာ မပြင်းဘူးလို့ ထင်တဲ့ Concept ပေါ့။
အမှန်က မပြင်းဘူး / ပြင်းတယ်ဆိုတာကို ဘယ်သူ ကမှ မပြောနိုင်သေးပါဘူး။ အခုဆိုရင်တော့ ပြင်းတယ် ဆိုတာ လူတိုင်းသိသွားပါပြီ။ အဲဒီအချိန်မှာ မပြင်းတာ တောင်မှ မပျော့ဘူးဆိုတဲ့ Concept ကို မသိကြတော့ ဪ ပျော့သွားပါပြီဆိုပြီးတော့ လူတွေက အလွန်ပေါ့သွားကြတယ်။ အလွန်ပေါ့တာမှ အားလုံးဘယ်နိုင်ငံမှာ မဆိုပါ မြန်မာနိုင်ငံအပါအဝင် Holiday လေးရက်မှာ သွားလိုက် ကြတာ အများကြီးပဲ။ အဲဒီတော့ နိုင်ငံ အနှံ့အပြားမှာ Mask မတပ်ကြ တော့ဘူး၊ လက်မဆေးကြတော့ဘူး၊ Social Distancing မရှိကြတော့ဘူး အဲဒါတွေကြောင့် မို့ပါ။ ဆိုလို တာက D ကနေ G ပြောင်းသွားတာက ယခုတော့ ပြောလို့ ရပါပြီ ပြင်းတယ်လို့ ပြောလို့ရပါပြီ။
ဒေါက်တာသန္တာလွင် ။ ။ ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်။ နောက်ထပ် မေးခွန်း တစ်ခုကို မေးမြန်းခွင့်ပြုပါရှင်။ နောက်ထပ် မေးခွန်းတစ်ခုကတော့ “ကိုဗစ် - ၁၉ ရောဂါအတွက် ယခုပြောနေကြတဲ့ ပြည်သူတွေက ကြားထဲမှာ သတင်းတစ်ခု ရှိပါတယ်။ ဆေးလေးမျိုးစပ်ကို သောက်ရင် ကာကွယ်နိုင်မလားဆိုတာ ဖြစ်ပါတယ်။အခြား ဘာနည်းတွေနဲ့ ကာကွယ်ရမလဲ၊ Vitamin C သို့မဟုတ် Vitamin D အဲဒီဆေးတွေကို မဖြစ်မနေသောက်သုံး ရမှာလား၊ Zinc Tablets တွေသောက်ဖို့ လိုအပ်မလားဆိုတဲ့” မေးခွန်းတွေ ဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးတွေကိုတော့ ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့်က ဖြေကြား ပေးပါရှင်။
ပါမောက္ခဒေါက်တာကျော်မြင့် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ဒီကိစ္စကလည်း ကျွန်တော်ထင်တယ် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေ သွင်းလာတာတွေ များတယ်။ လူတွေလည်း ပိုက်ဆံကုန်တယ်ပေါ့။ အဲဒီတော့ မလိုအပ်ရင်မသောက်ကြဖို့ မျိုးတွေ ရှိပါတယ်။ ခုနက ဒေါက်တာသန္တာလွင် ပြောတဲ့ ဆေးလေးမျိုးတို့ အပါအဝင် အစရှိသဖြင့်ပေါ့၊ ဒါတွေက ကျွန်တော်တို့ အနောက်တိုင်း နိုင်ငံတွေမှာ သူတို့မှာ သုတေသနလုပ်ကြတဲ့ သူ့ဌာနနဲ့ သူ၊ သူ့တက္ကသိုလ်နဲ့သူ အမျိုးမျိုးပြောကြပါတယ်။ သို့သော်ငြားလည်း ယေဘုယျ အားဖြင့် တော်တော်များများက ကျွန်တော်တို့ Vitamin C ရယ်၊ Vitamin D ရယ်၊ Zinc ရယ် ကိုတော့ သူတို့ သုံးကြတာ များပါတယ်။
Vitamin C က တချို့ဆိုရင် ၁၀၀၀၊ တချို့ဆိုရင် ၂၀၀၀ / ၃၀၀၀ သောက်တဲ့သူတွေ ရှိပါတယ်။ ထိုနည်းတူစွာ ပဲ Vitamin D လည်း အဲဒီလိုပဲ သူ့ရဲ့အင်အားကို တချို့ဆို ၁၀၀၀ / ၂၀၀၀ အထိ သောက်တာရှိပါတယ်။ တော်တော် များများကတော့ Zinc ပါ ထည့်ပြီး သောက်ကြပါတယ်။
ကျွန်တော်တို့အဖွဲ့ထဲမှာ ဆရာကြီး ဦးညွန့်သိန်းရယ်၊ ဆရာကြီးဦးမြင့်ဟန်ရယ်၊ ဒေါက်တာ ဦးရဲမြတို့က ကုသရေးမှာ နဂိုကတည်းက အများကြီးတော်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အခုလည်း လုပ်နေပါတယ်။ သူတို့အနေနဲ့ ပိုပြီးတော့ ကျွမ်းကျင်ပါတယ်။ နောက်ပြီး ဒေါက်တာ ဦးစိုးလွင်ငြိမ်းတို့၊ ဦးသန်းဝင်းတို့၊ ဒေါက်တာ ထင်အောင်စော တို့က မြို့နယ်တွေအလိုက်ကို ကွင်းဆင်းပြီး ဆွေးနွေးပြီးတော့ ဘယ်လိုနေရမယ်၊ ထိုင်ရမယ်ဆိုတာ အကုန်လုံး သင်ကြား ပေးပါတယ်။ အကောင်းဆုံး ကာကွယ်ရေး နည်းလမ်းကတော့ ခြောက်ပေအကွာနေပါ။ မကြာခဏ လက်ဆေးပါ။ ဆေးရင်လည်း စက္ကန့် ၂၀ ခန့် ဆေးပေးပါ။ နောက်ပြီး Mask အမြဲတမ်း တပ်ထားပါ။ လူတွေ သန့်သန့်ရှင်းရှင်းနေဖို့ အဲဒါမျိုးတွေပေါ့လေ။ အဲဒီဟာမှာ ကျွန်တော်တစ်ခု ပြောချင်တာက တော်တော်များများတွေ့ရတာက Mask မတပ်ဘူးလား ဆိုတော့ တပ်တယ်။
ဒါပေမယ့် Mask ကို လည်ပင်းအောက်မှာချိတ်ထားပြီး လျှောက်သွားနေတယ်။ အဲဒါမျိုး တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နောက်ပြီး ဒီနေ့မနက်ပဲ ကျွန်တော် အစည်းအဝေး လုပ်တဲ့အခါမှာ ကျွန်တော်တို့ထဲက တစ်ယောက်က တင်ပြပါတယ်။ ရပ်ကွက်တွေ၊ လမ်းတွေမှာတော့ တအားတင်းကျပ်ပြီး ပိတ်ဆို့ထားတယ်။ ရပ်ကွက်တွေထဲ မှာတော့ ခြင်းလုံးတွေခတ်၊ ကြိုက်တာ လုပ် အဲဒီလို လုပ်နေတာမျိုးတွေ တွေ့ရပါတယ်။ Mask တွေလည်း မတပ်ကြဘဲနဲ့။ အဲဒါမျိုးတွေက တဖြည်းဖြည်းနဲ့ ကျန်းမာရေး ပညာပေးပြီး တော့ သူတို့နားလည်အောင် ရှင်းပြရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံတော် အနေနဲ့ ပေါ့လေ အသွားအလာတွေ ကန့်သတ်တာတွေ၊ ရောဂါကို တစ်မြို့နယ်ကနေ တစ်မြို့နယ်၊ တစ်ပြည်နယ်ကနေ တစ်ပြည်နယ် မကူးအောင်လုပ်တာ အဲဒါက တစ်ပိုင်းပေါ့လေ။
ခုနက ဆရာမကြီး ဒေါ်သန္တာလွင် ပြောသလို Stay at Home အိမ်မှာပဲနေပါ။ အဲဒါစိတ်အချ ရဆုံးပဲ။ အပြင် မသွားရင် ရောဂါမဖြစ်တော့ဘူး။ ကိုယ့်အိမ်ကိုလည်း ဧည့်သည်အလာမခံပါနဲ့။ ဧည့်သည်လာရင် ဧည့်သည်က ရောဂါ ပါလာ၊ မလာဆိုတာ ပြောလို့မရဘူး။ ဧည့်သည် လာရင်လည်းဧည့်သည်ကို Mask တပ်ခိုင်းထားပါ။ ကိုယ်ကလည်း Mask တပ်ပြီး စကားပြောပါ။ အဲဒါမျိုး တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်။
နောက်တစ်ခုက အခုရောဂါဆိုတာ ပြင်းထန်ပါတယ်။ သူရဲ့ အဓိကကူးစက်မှုက အတော်ကို သေချာ သလောက်ပဲ။ ချောင်းဆိုးလိုက်တယ်၊ နှာချေလိုက်တယ်ဆိုရင် လေထဲမှာ လွင့်သွားပြီး လူတစ်ယောက် Mask မတပ်ဘဲလျှောက်သွား လို့ အဲဒါတွေကို ရှူမိရင် သူကကူးသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေက သိပ်ကို အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါတွေကို ကျန်းမာရေးပညာပေးစာစောင် တွေမှာလည်း ပါပါတယ်။ ရုပ်မြင်သံကြားတွေမှာလည်း နေ့တိုင်း လိုလိုပဲ သရုပ်ဆောင်တွေက ပြောပြနေပါတယ်။ လက်ဆေးဖို့ သီချင်းဆိုပြီးပြောပြ အမျိုးမျိုး ပေါ့လေ။ ဒါတွေက သိပ်ပြီး အရေးကြီးပါတယ်။
နောက်တစ်ခုက မိမိကိုယ်ကိုယ် မိမိကျန်းမာအောင်နေဖို့၊ ထမင်းအချိန်မှန်မှန်စားဖို့၊ မှန်မှန် အိပ်ဖို့၊ အရေးအကြီးဆုံးက မှန်မှန်အိပ်ဖို့ပဲ။ အဲဒါလေးတွေ နေဖို့ထိုင်ဖို့ အရေးကြီးပါတယ်။ နောက်အဓိကက အပြင်တွေကို သိပ်မထွက်ဖို့၊ လိုအပ်မှထွက်ဖို့၊ ထွက်ရင်လည်း Mask သေချာ တပ်သွားမယ်။ ကိုယ်သွားမယ့် ဈေးသော်လည်းကောင်း၊ ဆေးဆိုင်သော်လည်းကောင်း သွားမယ်ဆိုရင်လည်း ကိုယ်နဲ့နီးစပ်တဲ့သူနဲ့ အနည်းဆုံးခြောက်ပေအကွာ နေထိုင်မယ်။ အဲဒီလိုတွေ စည်းကမ်းလိုက်နာမယ်ဆိုရင် ဒီရောဂါက မကူး စက်နိုင်ပါဘူး။
အခု ဒီလိုပြောနေတာတွေဆိုရင် အချို့လူတွေက သိပ်ပြီးသဘောမပေါက်ဘူး။ သဘောပေါက် လည်း အချို့လူတွေက သိပ်ဂရုစိုက်စရာမလိုပါဘူး၊ ကိစ္စမရှိပါဘူး။ အဲဒီလိုပဲပေါ့ပေါ့ဆဆ တွေးကြပါတယ်။ မဟုတ်ပါဘူး။ဒီရောဂါက သိပ်ပြီးကြောက်စရာကောင်းပါတယ်။ သက်ကြီးပိုင်း ဆိုရင် ဒီရောဂါနဲ့ သေဆုံးနှုန်း ကများပါတယ်။ သက်ကြီးပိုင်း ၇၀ / ၆၀ အခြားရောဂါပါရှိမယ်။ ဥပမာ - နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ ပါရှိမယ်ဆိုရင် ရောဂါရဲ့ဒဏ်က ပိုပြီးခံရပါတယ်။
အသက်ဆုံးရှုံးသွားတဲ့အထိကို ခံရပါတယ်။ ဒါလေးတွေကို ကျွန်တော်တို့လည်း ဂရုတစိုက် သေချာကို လိုက်နာပြီးလုပ်မယ်ဆိုရင် တစ်အချက်က Transmission တစ်ယောက်နဲ့ တစ်ယောက် ကူးစက်တာ ပြန့်ပွားတာပိတ် သွားမယ်ဆိုရင် ဒီရောဂါက သူ့ဟာသူ အလိုလို ကင်းငြိမ်း သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အခုလို ရုပ်မြင်သံကြားက ဟောပြောမယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စေတနာရှိစွာနဲ့ ကျွန်တော်တို့ကို ပြည်သူလူထုကို ဒီလိုဟောပြောပွဲတွေ လုပ်ပေးမယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လည်း တစ်လတစ်ခါလောက် အစီရင်ခံတင်ပြပေးတယ်။ နောက်ပြီး ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်ပေးတယ်။ ဒါလေးတွေကို ပေါ့ပေါ့ဆဆမဟုတ်ဘဲနဲ့ သေချာလိုက်နာ မယ်ဆိုရင် ဒီရောဂါက တစ်နေ့နေ့ကျရင် ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလောက်ပါပဲခင်ဗျာ။ ကျေးဇူး တင်ပါတယ်။
ဒေါက်တာသန္တာလွင် ။ ။ ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး ရှင့်။ နောက်ထပ်မေးခွန်း တစ်ခုကတော့ ယခုလုပ်နေတဲ့ လူနာတွေနဲ့ ထိတွေ့တဲ့သူတွေကို ရှာဖွေတားဆီး ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်ကို ဘယ်လောက်ကြာကြာ ဆက်လုပ်ရမှာလဲလို့ မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းကို ကျွန်မဖြေကြားပေးပါမယ်ရှင်။
ကျွန်မတို့အနေနဲ့က ကိုဗစ် - ၁၉ ပိုးဖြစ်စေတဲ့ ပိုးရှိတဲ့ လူနာတွေနဲ့ ထိတွေ့ထားတဲ့လူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာကန့်သတ်ပြီး ထားရှိတဲ့ လုပ်ငန်းစဉ်ကို ထိန်းချုပ်ရေး လုပ်ငန်းစဉ်တစ်ခုအနေနဲ့ နည်းဗျူဟာထဲမှာ ပါဝင်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ တင်းတင်း ကျပ်ကျပ်ကို ဆောင်ရွက်ပါတယ်။ ကျွန်မတို့ ခွဲခြားထား မှုအရ ထိတွေ့မှု သတ်မှတ် ထားတဲ့၊ အဓိပ္ပာယ်ဖော်ထားတဲ့ Definition တွေအရ Primary Contact၊ Secondary Contact ဆိုပြီး Contact တွေကို ထိတွေ့မှုအခြေအနေ အပေါ်မှာ မူတည်ပြီး ခွဲခြားထားပြီး Primary Contact ဆိုတာ ထိတွေ့မှုပိုပြီးတော့ နီးစပ်တယ်ဆိုရင် ကျွန်မတို့သူတို့ကို ကွာရန်တင်းစင်တာ တွေမှာထားပြီး ရောဂါ ရှိ/မရှိ စစ်ဆေးပေးပါတယ်။
ဒီလုပ်ငန်းကို လုပ်ခြင်းအားဖြင့် ကျွန်မတို့အနေနဲ့ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ပိုးတွေ့ထားတဲ့ လူနာနဲ့ ထိစပ်ပြီးချိတ်ဆက်ပြီး တခြားသော ကူးစက်နိုင်စွမ်း ရှိနေတဲ့၊ ပြည်သူတွေထဲမှာရှိနေတဲ့ လူတွေကို ရှာဖွေဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ ဆင့်ပွားဆင့်ပွား တစ်ယောက်ကနေ တစ်ယောက် ရောဂါကူးစက်သွားတာ ဖြစ်တဲ့အတွက် တစ်ယောက်ကနေ အချိန်နောက်ကျတာ နဲ့အမျှ ကြာလေကြာလေ ထိတွေ့တဲ့သူကို ရှာမတွေ့ရင်သူကနေ ထပ်ဆင့်၊ ထပ်ဆင့်ကူးသွားနိုင်တဲ့ အခွင့်အလမ်း အလွန်များပါတယ်။ ထပ်ဆင့်ကူးသွား တဲ့အတွက် တစ်ဆ ကနေ နှစ်ဆရုတ်တရက် အမြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့အတွက် အချိန်နဲ့အမျှ အရေးကြီးတာသည် ပိုးတွေ့လူနာနဲ့ ထိစပ်နေတဲ့သူတွေကို၊ ထိတွေ့ ဖူးတဲ့ သူတွေကို Contact တွေကို ကျွန်မတို့က ကွာရန်တင်း အချိန်မီ ရှာဖွေထိန်းသိမ်းထားဖို့သည် ကျွန်မတို့အတွက် အလွန်အရေး ကြီးတဲ့ ထိန်းချုပ်ရေးလုပ်ငန်းစဉ် ဖြစ် ပါတယ်။
အဲဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့အခါမှာ ဘယ်လောက်ကြာကြာ ဆက်လုပ် ရဦးမှာလဲဆိုတော့ လူနာတွေရှိနေသရွေ့ ထိတွေ့တဲ့သူတွေလည်း ရှိနေဦးမှာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ အခုအခြေအနေ အထိ တွေ့ရှိထားတဲ့ တွေ့ရှိချက်အရအဲဒီ Contact တွေကြား ထဲက ဓာတ်ခွဲစမ်းသပ်မှု ၁၀၀ မှာ ၁၈ ယောက်က ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထား ရတယ်လို့ ကျွန်မတို့ တွေ့ရှိထားရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ လူနာတွေရှိရင် ဆက်လုပ်နေရဦးမှာ ဖြစ်တယ်။
ဒီကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၁၁ ရက်မှာ ကမ္ဘာ့ကပ်ရောဂါလို့ ကြေညာခဲ့တာ ဖြစ်တဲ့အတွက် ဆက်လုပ်ရမယ့်အချိန်ကတော့ ကပ်ရောဂါ မဟုတ်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြန်လည် ကြေညာတဲ့အချိန်အထိတော့ ကျွန်မတို့ ဆက်လုပ်ရဦးမယ့် အနေအထားရှိပါတယ်။ ကျွန်မတို့ တော်တော်ကြီးကို ဆက်လုပ်ရဦးမှာပါ။ ရောဂါရဲ့ ထိန်းချုပ်မှု အနေအထားက လူတိုင်းအားလုံး၊ ပြည်သူ အားလုံးက ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အားလုံးလိုက်နာမှသာ ဖြေလျှော့မှု တွေဟာ နောက်ပိုင်းမှာ ရှိလာနိုင်မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ နောက်ဆုံးမေးခွန်းလေးတစ်ခုကို ကျွန်မဆက်လက်ပြီးတော့ မေးမြန်း ပါရစေရှင်။ ကျွန်မတို့ရဲ့ ရရှိထားတဲ့အချိန်အတွင်းမှာ နောက်ဆုံးမေးခွန်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို အခြေအနေအရ မည်မျှရှာဖွေတွေ့ရှိ ပြီးတော့ မည်သည့်အတိုင်းအတာအထိ ရောက်ရှိနေပြီလဲ။ ဒီရောဂါကာကွယ်တိုက်ဖျက်ဖို့၊ ကုသဖို့ ကာကွယ်ဆေး တွေ ပေါ်လာပြီလား။ ပေါ်လာပြီဆိုရင်လည်း ကျွန်မတို့ နိုင်ငံအနေနဲ့ ရရှိနိုင်ပါ့မလား။ သုံးစွဲနိုင်ပါ့မလားဆိုတဲ့
မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကိုတော့ ဆရာကြီး ဂုဏ်ထူးဆောင် ပါမောက္ခဒေါက်တာ ညွန့်သိန်းက ဖြေကြား ပေးပါရှင်။
ပါမောက္ခဒေါက်တာညွန့်သိန်း ။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဒီမေးခွန်းကလည်း ကျွန်တော်တို့ ပြည်သူ လူထုအားလုံး စိတ်ဝင်စားနေတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီရောဂါကြီး စပေါ်ကတည်းက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးက သိပ္ပံပညာရှင်အားလုံးက တစ်ဖက်မှာ ဒီလိုထိန်းချုပ်နေသလို တစ်ဖက်မှာလည်း ရောဂါနဲ့ပတ်သက်လို့ ရှာဖွေနေကြတယ်။ ကိုဗစ်ရောဂါပိုးရဲ့ ပြဿနာ ကလည်း တစ်နေ့တစ်နေ့ကို တစ်မျိုးတစ်မျိုး တွေ့တွေ့ နေပါတယ်။
ဒီကပ်ရောဂါကြီး ပျောက်သွားဖို့က အဓိကအချက်က ၃ ချက်ပါ။ တစ်ချက်က သူ့ကို နိုင်နိုင်နင်းနင်း ကုသနိုင်မယ့် ဆေးပေါ်လာရင်၊ ဒုတိယအချက်က သူ့ကို လုံးဝကာကွယ် နိုင်မယ့် ကာကွယ်ဆေးပေါ်လာရင်၊ တတိယအချက် က ကြောက်ဖို့ကောင်းပါတယ်။ စခါစမှာ တချို့နိုင်ငံကြီးတွေက အဲဒါလုပ်လိုက်ပြီးတော့ ဒုက္ခရောက်သွားတာ။ Herd Immunity ခေါ်ပါတယ်။ ရောဂါကို ပေးဖျက်လိုက်ပြီးတော့ လူရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းဖြစ်သွားပြီး လူတွေက ရောဂါပြီးသွားတယ်ပေါ့။ အဲဒါကို Herd Immunity ကို အားကိုးပြီး ပထမပိုင်းတုန်းက ဒါကြီးကတော့ သိပ်မဖြစ် လောက်ပါဘူးဆိုပြီးတော့ လုပ်ခဲ့တဲ့ USA နဲ့ UK မှာ အားလုံးသိတဲ့ အတိုင်းပါပဲ။ ယူအက်စ်အေဆိုရင် ထိပ်ဆုံးကို ဖြစ်သွားတယ်။ သိန်းနဲ့ သန်းနဲ့ချီ ဖြစ်ကုန်ကြ ပါတယ်။ အဲဒီတော့ Herd Immunity ကို မေ့ထားရတော့မယ်။
အခုမေးတဲ့ မေးခွန်းအရ နံပါတ်တစ်က ကာကွယ်ဆေး၊ နံပါတ်နှစ်က ကုသဆေး ဖြစ်ပါတယ်။ အဲဒီကာကွယ်ဆေးကို ကမ္ဘာပေါ်မှာလုပ်နေတာ အမျိုး ၂၀၀ ကျော်ပြီ။ ကာကွယ် ဆေးတစ်ခု ဆိုတာ ဒီအတိုင်းကာကွယ်တယ်ဆိုပြီး လုပ်လို့ မရဘူး။ တစ်ဖက်က ကာကွယ်နိုင်သလို နောက်တစ်ဖက် ကလည်း အန္တရာယ်မရှိဘူးဖြစ်ရမယ်။ နောက်တစ်ခုက ကာကွယ်တယ် ဆိုတာလည်း ဘယ်လောက် ကာကွယ်နိုင် မလဲ၊ တစ်လ ကာကွယ်မလား၊ နှစ်လ ကာကွယ် မလား၊ တစ်နှစ် ကာကွယ်မလား၊ နောက်ပိုင်း လူတိုင်းလူတိုင်း ထိုးလို့ရနိုင်မလား အဲဒါတွေကို အခုလောလောဆယ် ကျွန်တော်တို့ သိပ္ပံပညာစကားနဲ့ ပြောမယ်ဆိုရင် တော့ Phase တွေရှိပါတယ်။ Phase 3 ကျော်သွားတာ ကမ္ဘာ ပေါ်မှာ သတ်မှတ်ထားတာ ၆ ခု၊ ၇ ခုလောက်ပဲ ရှိပါသေးတယ်။ဒါပေမယ့် လူတွေမှာသုံးလို့ မရသေးပါဘူး။ တလောကအားလုံး သိကြပါတယ်။ ရုရှားမှာ စပေါ်လာ တယ်လို့ပြောတယ်။ သူတို့နိုင်ငံမှာလည်း သုံးနေတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကရော၊ US CDC ကရော ရာနှုန်းပြည့်တော့ သူတို့က အားမပေး သေးဘူး။ ပြန်စမ်း ပါဦးလို့ ပြောနေတယ်။
အဲဒီတော့ ကာကွယ်ဆေးအခြေအနေက ဒီနှစ်ကုန် ပိုင်းလောက်မှ ဒါမှမဟုတ် နောင်နှစ် ဆန်းလောက်မှ စိတ်ချလက်ချသုံးရမယ်ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံထားပါတယ်။ အဲဒီတော့ ကာကွယ်ဆေးကတော့ ရာနှုန်း ပြည့်အားကိုးလို့ မရသေးပါဘူး။
ကုသတဲ့ဆေးဆိုတာလည်း ရှင်းရှင်းပြောရရင် စပေါ်ရင် မတ်လကတည်းက စပြီးတော့ ဆေးတွေပေါင်းစုံ ရှာကြတယ်။ ဒီနေ့အထိတော့ ဘယ်ဆေးကတော့ ကိုဗစ်ကို ရာနှုန်းပြည့် နိုင်တယ် ပြောလို့ရတဲ့ ဆေးတစ်ခုမှ မရှိသေးပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိတဲ့ ဆေးလေးတွေရှိတယ်။ အားလုံးပြောပြောနေတယ်။ အခုလည်း မေးမယ့်အထဲမှာ ပါလာမယ် ထင်ပါတယ်။ Remdesivir ဆိုတဲ့ဆေး၊ Gilead ကုမ္ပဏီကထုတ်တဲ့ဆေး အဲဒီဆေးဆို လည်း အခု ဆေးတစ်ခုသုံးတော့မယ်ဆိုရင် FDA လို့ခေါ်တဲ့ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့ကလည်း ခုနပြောသလို အဆင့်တွေလုပ်ပြီး တော့မှ လူတွေ အားလုံးကို အန္တရာယ်မရှိဘူး၊ အာနိသင် လည်း ရှိတယ်ဆိုမှ ထုတ်ပေးရတာ။ အဲဒီ အခု Remdesivir ဆိုတဲ့ ဆေးလို အခု USA မှ FDA က ရာနှုန်းပြည့်ပေးတာ မဟုတ်ပေမယ့် EUA ခေါ်တဲ့ အရေးပေါ်အသက်ကယ်ရ မယ့် လူတွေအတွက်ဆိုပြီး ထုတ်ပေးနေတာတွေရှိပါတယ်။ သူကနေ အခြားနိုင်ငံတွေမှာ ခွဲလုပ်ပေးနေတာတွေ လည်း ရှိပါတယ်။
ထပ်ပြီးတော့လည်း လူတွေကိုသောင်းနဲ့ချီပြီး စစ်နေတာတွေရှိပါတယ်။ ကျွန်တော် သိသ လောက်ကတော့ခုန အချိန်အတိုင်းအတာအရ ဆရာမဒေါ်သန္တာလွင် ပြောသလိုပေါ့။ အတိအကျ ဆေးဝါးနဲ့ပတ်သက်လို့ကတော့ နောက်ရက်တွေမှာ နောက်ထပ်ပညာရှင် တစ်ယောက်က အစအဆုံး ဖြေပါလိမ့်မယ်။ အတိုချုပ်ဖြေရရင် ကာကွယ်ဆေးရော၊ ကုသဆေးရော ရာနှုန်းပြည့် ပြောလို့ရတဲ့ဆေး မရှိသေးပါဘူး။ ကာကွယ်ဆေးက ရနိုင်ပါ့မလားဆိုတဲ့ စကားလုံးကတော့ တစ်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားပါပြီ။ မှန်ပါတယ်။ နိုင်ငံကြီးတွေက ထုတ်တော့ နိုင်ငံကြီးတွေက ဈေးကြီးမယ်။ ဒါပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြီး ကျွန်တော်တို့ နိုင်ငံကနေ သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တွေ ရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ ချိတ်ထားပါတယ်။ တကယ်တမ်းဖြစ်လာရင် ကျွန်တော်တို့ ရအောင်ယူနိုင်မယ့် အဆက်အသွယ်တွေ၊ အစီအစဉ်တွေ အားလုံးလုပ်ထား ပါတယ်။ အများထိုးပြီဆိုရင်တော့ မြန်မာနိုင်ငံမှာ လည်း ထိုးရမယ့် သဘောရှိပါတယ်။
ကုသဆေးကလည်း ကုသတဲ့နည်းတွေ ရှိပါတယ်။ ရောဂါပျော့ပျော့မှာတော့ ရောဂါကို ထိန်းတဲ့ သဘောပေါ့။ ရောဂါပြင်းလာတယ်။ ကျွန်တော်တို့ ဆေးလောကစကားနဲ့ ပြောရင်တော့ Cytokine တုံ့ပြန်မှုမုန်တိုင်းလို့ ခေါ်ပါတော့၊ Cytokine တုံ့ပြန်မှုမုန်တိုင်းမှာတော့ နိုင်ငံတကာမှာ ပေးနေတဲ့ ဆေးမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာလည်း ပေးနေကြပါတယ်။ နောက်တစ်ခုက ပြောတယ်။ ကုသဖို့ကို EUA နဲ့ ပေးထားတဲ့ဆေးတွေ ကျွန်တော်တို့ဒီမှာ စမ်းသုံး နေတာလည်းရှိတယ်လို့ ကျွန်တော်တို့ သိပါတယ်။ အဲဒီ ဆေးအတိအကျကို နောက်ရက်တွေမှာ ပညာရှင်တွေက ဆက်ဖြေပါလိမ့်မယ်။
ဒေါက်တာသန္တာလွင် ။ ။ ကျေးဇူးတင်ပါတယ် ဆရာကြီးများရှင်။ ။
ထက်လျှံ