Skip to main content

(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။

ဖိတ်ကြားထားသူများ တက်ရောက်

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်ဒိုင်အဖွဲ့များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီးဦးရဲတင့်က အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကို နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသများနှင့် လူပုဂ္ဂိုလ်များ စသည့်လွတ်လပ်ရေး၏အနှစ်သာရတို့ကို ပေါ်လွင်စွာဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့်ရိုက်ကူးယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အကဲဖြတ်ပေးကြသည့် ပညာရှင်ကြီးများက ဓာတ်ပုံတစ်ပုံ၏ ရိုက်ကွင်းရိုက်ကွက်၊ အယူအဆ၊ အလင်းအမှောင်၊ ဖော်ညွှန်းသည့်အကြောင်းအရာ၊ ဓာတ်ပုံကောင်းတစ်ပုံ၏ အင်္ဂါရပ်များနှင့်အညီ အကြိမ်ကြိမ် စိစစ်အကဲဖြတ်ပြီး ဆုရဓာတ်ပုံများအဖြစ် ရွေးချယ်သတ်မှတ်ပေးခဲ့ကြပါကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ဆန်းသစ်သည့်အနုပညာဖန်တီးမှုများနှင့်အတူ တွေ့မြင်ခဲ့ရပြီး ယခုကဲ့သို့ ဆုများချီးမြှင့်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

ယခုပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်များလည်း ဝင်ရောက်ယှဉ်ပြိုင်လာကြသည့်အတွက် အထူးပင်ဝမ်း‌မြောက်မိပါကြောင်း၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲပြုလုပ်ခြင်းသည် မျိုးဆက်သစ်လူငယ်ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါကြောင်း၊ ဓာတ်ပုံတစ်ပုံသည် စာလုံးပေါင်းတစ်ထောင်နှင့်ညီမျှသည်ဟု ဆိုကြပါကြောင်း၊ စာလုံးပေါင်းတစ်ထောင်ရေးပြီးပြောရမည့်အစား ဓာတ်ပုံတစ်ပုံရိုက်၍ ပြသလိုက်ခြင်းသည် ပိုမိုထိရောက်မှုရှိသည်ဟု နားလည်ရပါကြောင်း၊ ထို့ကြောင့် ဓာတ်ပုံအနုပညာမှတစ်ဆင့် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ချစ်စဖွယ်ကျေးလက် ဒေသအလှအပများကို သိရှိခံစားပြီး မိမိနိုင်ငံ၊ မိမိဒေသကို မြတ်နိုးတန်ဖိုးထားစိတ်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းသိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ လှပသာယာသည့် ပုံရိပ်များအနက်မှ ဓာတ်ပုံပြိုင်ပွဲဝင်များက ရိုက်ကူးပုံဖော်ပေးခဲ့ကြသည့် ဓာတ်ပုံကောင်းများကို နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆောင်ရွက်ချက်များတွင် ဖော်ထုတ်ပြသပေးသွားမည်ဖြစ်ပါကြောင်း၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲဝင်များအနေဖြင့်လည်း နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက အကျိုးပြုသူများအဖြစ် ဂုဏ်ယူကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆုရွေးချယ်စိစစ်ရေးဒိုင်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာပန်းချီစိုးမိုးက ဆုများရွေးချယ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကလှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် အထူးဆု (၅) ဆုရရှိသည့် ဦးချမ်းသာ (မိတ္ထီလာ)၊ အထူးဆု(၃)ဆုရရှိသည့် ဦးကျော်နိုင်လင်း(လရိပ်ပြာ)နှင့် အထူးဆု (၂)ဆုရရှိသည့် ဦးစည်သူအောင် (နန်းတော်ရှေ့) တို့အတွက် ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးရဲတင့်က အထူးဆု(၁)ဆု၊ အထူးဆု(၄)ဆုနှင့် တတိယဆုတို့ရရှိသည့် ဦးချမ်းသာ(MDY)၊ ဒုတိယဆုရရှိသည့် ဦးဇာနည်ကိုကိုနှင့် ပထမဆုရရှိသည့် ဦးမျိုးမင်းထိုက်(The Eagle) တို့အတွက် ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဆုရရှိသူများကိုယ်စား ပထမဆုရရှိသည့် ဦးမျိုးမင်းထိုက် (The Eagle) က ကျေးဇူးတင်စကားပြောကြားသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် ဒုတိယဝန်ကြီးဦးရဲတင့်၊ အကဲဖြတ်ဒိုင်အဖွဲ့များနှင့် တာဝန်ရှိသူများက ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသည့်ဓာတ်ပုံများနှင့် ခင်းကျင်းပြသထားသောဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

ယခု“လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲသို့ မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များနှင့် ဝါသနာရှင် ၁၆၃ ဦးက ဓာတ်ပုံပေါင်း ၅၉၉ ပုံ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရသည်။

သတင်းစဉ်