Skip to main content

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခံရ

နေပြည်တော် ဒီဇင်ဘာ ၅

ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆိုပြုတင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” စာတွဲအားယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity)တွင် ပါဝင်နိုင်ရေး တရားဝင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျှင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီဖြစ်ပါသည်။

ထိုကဲ့သို့ ပါဝင်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သောအချက်အလက်များ၊ မြန်မာပြည်သူလူထု၏ ပြောကြားချက်များ (Communities’ Statement)၊ အတာသင်္ကြန်ဆင်နွှဲမှုရိုးရာဓလေ့ဆိုင်ရာ ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်များပါဝင်သော အဆိုပြုစာတွဲ (Nomination File) ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ(Committee of Intangible Cultural Heritage) သို့ ပေးပို့တင်သွင်းခဲ့ပါသည်။ တင်သွင်းသည့်လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စုစည်းဆောင်ရွက်မှုများ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ လူမှုအဖွဲ့အစည်း (NGO)များ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ မီဒီယာနှင့်ဆိုရှယ်မီဒီယာသုံးစွဲသူများ၊ မြန်မာ့ရိုးရာအမွေအနှစ်ကို အမြတ်တနိုးတန်ဖိုးထားသည့် ပြည်သူများနှင့်သက်ဆိုင်ရာ ပညာရှင်/ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများ၏ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။

“မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် ပုဂံခေတ်ကာလမှ ယနေ့အထိ ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် မြန်မာတို့၏ “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာကပိုမိုသိရှိလာခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်လာနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုနိုင်ခြင်း၊ မျိုးဆက်သစ်နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန်ကို ရိုးရာမပျက်ထိန်းသိမ်းကျင်းပ နိုင်ရေးအတွက် ပြည်သူလူထု၏ အသိအမြင်ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသောဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်