ရန်ကုန် နိုဝင်ဘာ ၂၈
ဆန်စပါး စင်တာတွင်ရှိသည့် Exporter များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိသည့် ပို့ကုန် အခြေပြုအရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ရှိကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ဧည့်မထ ၁၅မှတ် အမျိုးအစားကို အဓိကထားရှိ၍ ဆန်ရည်ဆန်သားလည်းကောင်းမွန်ပြီး သင့်တင့်မျှတကြောင်းလည်း သိရသည်။
‘‘နိုင်ငံတော် အရန်ဆန်လို ပို့ကုန်အခြေပြု အရန်ဆန်စနစ်ဆိုပြီး လုပ်ထားပါတယ်။ ပို့ကုန်အခြေပြုဆိုတာ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ပါဝင်မှု၊ Exporter တွေရဲ့ပါဝင်မှုနဲ့ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ Export တစ်တန်ပိုတိုင်း ပိုတိုင်းမှာ ဆန်တစ်အိတ်၊ ဒါကတော့ ဆန်စပါးစင်တာမှာရှိတဲ့ Exporter တွေရဲ့ ပူးပေါင်းမှုနဲ့ ဆောင်ရွက်ထားပါတယ်။ အဲဒီအစီအစဉ် က ဆန်အိတ် ရှစ်သိန်းလောက် ရှိပါတယ်။ ဧည့်မထကိုပဲ အဓိကထားတယ်။ ဧည့်မထ ၁၅ မှတ်အဆင့်။ ဧည့်မထမှာ အုပ်စုနဲ့ရှိတယ်။ ပြည်တွင်းမှာတော့ အခြေခံပြည်သူတွေကတော့ စားလို့ရပါတယ်။ ၁၅ မှတ်အဆင့်ဖြစ်တဲ့အတွက် ဆန်ရည်ဆန်သား လည်း ကောင်းပါတယ်။ သင့်တင့်မျှတပါတယ်’’ ဟု ပြောသည်။
ယင်းကဲ့သို့ ဆန်အိတ် ရှစ်သိန်းရှိသည့်အတွက် လိုအပ်ချက်ရှိပါက ပရဟိတအသင်းအဖွဲ့ဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်စေ၊ စက်ရုံအလုပ်ရုံများမှဖြစ်စေ လိုအပ်ချက်ရှိပါက ရောင်းပေးမည်ဖြစ် ကြောင်းလည်း ၎င်းကပြောကြားသည်။ ပို့ကုန်အခြေပြုအရန်ဆန်စနစ်အပြင် လက်ရှိတွင်လည်း ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းတို့ကိုလည်း အိမ် အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်းရှိကြောင်း လည်း သိရသည်။
‘‘ကျွန်တော်တို့ ဆန်ဖြန့်ဖြူးရောင်းချတာကလည်း အမှန်တကယ်တော့ ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေအရ ဈေးကွက်လိုအပ် ချက်ကြောင့် အထူးသဖြင့် စက်မှုဇုန်တွေ၊ ကုမ္ပဏီ တွေရဲ့ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံတွေရဲ့ ဝန်ထမ်းတွေ၊ အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်တွေရှိလာ ရင် ဒီအရန်ဆန်ထဲကနေထုတ်ပြီးတော့ ရောင်းပေးမှာပါ’’ ဟု ဦးရဲမင်းအောင်က ပြောသည်။
MT