နေပြည်တော် နိုဝင်ဘာ ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု တံတားကြီးကျေးရွာအတွင်း ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(တည်ဆောက်ရေး-၅)မှ ဆောင်ရွက်သည့် ကျေးရွာရေဆိုးထုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ပေါင်းစပ်ညှိနှိုင်း
ဆက်လက်၍ ကွင်းအမှတ်(၁၇၄၃)တွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးဧကများကို နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြေပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အဆိုပါကွင်းအတွင်းရှိ ယာယီရှင်းလင်းဆောင်၌ တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများအနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရေးနှင့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း ပြောကြားကာ တောင်သူများအား ဆောင်းသီးနှံ မတ်ပဲ၊ ပဲပုပ်နှင့် နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ် ရုံးပင် - အေးချမ်းသာ ကျေးရွာချင်းဆက်လမ်းစစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ လမ်းပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
လိုအပ်သည်များမှာကြား
ယင်းနောက် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးရှေ့ သီရိမဏ္ဍိုင်လမ်းမပေါ်၌ လမ်းလယ်ကျွန်း လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံမီးပွိုင့်အနီး ရာဇသင်္ဂဟလမ်းမပေါ်နှင့် လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ မြေယာရှုခင်းအလှဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်