Skip to main content

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

နေပြည်တော် နိုဝင်ဘာ ၁၅

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား ၄ ဦး (စိစစ်ဆဲ) က သေနတ်များကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဘိုးငွေ ၁၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိသည့် အငှားနေအိမ်လိုင်းခန်းသို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသား ၄ ဦးအား လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ်နိုင်ငံပိုင်သတင်းစာများ၌ သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

အမှုမှ လူသတ်လုယက်မှုကျူးလွန်စဉ် တရားခံများအသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးအား သိမ်းဆည်းရမိနိုင်ရေး နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ဒေါ်တွမ်ရွှေရှန်း (စိစစ်ဆဲ) ပိုင်ဆိုင်သည့် အိမ်အမှတ် (ပလ-၂/၆၆၂) အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၌ လူနေထိုင်ခြင်းမရှိဘဲ ဧည့်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် SHN/10109 Wave-110 ဆိုင်ကယ်နှင့် SHN/10543 Wave-110 ဆိုင်ကယ် ၂ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်အား အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ အိပ်ခန်း အတွင်းရှိ အိမ်သာမျက်နှာကြက်ပေါ်မှ အမေရိကန်နိုင်ငံထုတ် M-4 Carbine CAL 5.56 MM အမျိုးအစားသေနတ် ၄ လက်၊ ၄င်းကျည် ၁၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊ ချက်နိုင်ငံထုတ် CZECH REPUBLIC 9MM CZ အမျိုးအစားသေနတ် ၁ လက်၊ ၄င်းကျည် ၁၇ တောင့်၊ ကျည်အိမ် ၁ ခု၊ AK-47 အမျိုးအစားသေနတ် ၁ လက်၊ ၄င်းကျည် ၇၈ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ထိပ် ၃ ကွင်း၊ ပြောက်ကြားအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ ပြောက်ကြားဦးထုပ်ဝိုင်း ၅ လုံး၊ အစိမ်းရောင်လည်တို ဖိနပ် ၂ ရံ၊ ပြောက်ကြားအစိမ်းရောင်မိုးကာ ၅ ထည်၊ အနက်ရောင်ခေါင်းစွပ် ၂ ခု၊ သေနတ်တိုက်တံ ၂ ချောင်း၊ သေနတ်တိုက်ဆီ ၄ ဘူးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။