Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းခုနစ်မျိုး၊ လူသုံးကုန်ပစ္စည်းငါးမျိုး၊ ဆိုင်ကယ်အပိုပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၈၄၉၄၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jinbei Mini Bus တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၀၀၀၀၀၀) ကိုလည်းကောင်း၊ စဉ့်ကိုင်ကတ္တားအကျော်၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး၊ ဆိုင်ကယ်အပိုပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၃၁၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့ထမင်းဆိုင်အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၆၀၄၈၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Fuso Fighter Van တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၄၉၄၁၃၈၆ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာရှိ ဂိုဒေါင် တစ်လုံးအတွင်းမှ Sulphuric Acid ၉၅၀ ဒသမ ၂၅ လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးနှင့် မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ်၆၂၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပုသိမ်ခရိုင်နှင့် ဖျာပုံခရိုင်တို့အတွင်း၌ တရားမဝင်အခြားသစ် ၉၇ ဒသမ ၄၇၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ်၁၂၇၂၆၇၁၁) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၇၂၆၇၁၁ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၀၆၃၈၀၉၇ ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် တရားမဝင်တင်သွင်းလာသည့် လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ တွေ့ရှိရ၍ ၎င်းကုန်ပစ္စည်းများအနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိနိုင်ခြင်း၊ ကုန်စည်အတုအပဖြစ်နိုင်ခြင်းနှင့် အရည်အသွေးအာမခံချက်မရှိနိုင်ခြင်းတို့ကြောင့် သုံးစွဲသူပြည်သူလူထုအတွက် ထိခိုက်နစ်နာဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်