နေပြည်တော် နိုဝင်ဘာ ၁၂
မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ AI (ဉာဏ်ရည်တု နည်းပညာ) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၌ ကျင်းပသည်။
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြိုးပမ်း
အဆိုပါသင်တန်းဖွင့်ပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားရာတွင် ယနေ့ခေတ်နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ မြန်ဆန်လျက်ရှိပြီး နိုင်ငံတကာ၌ AI ကို စက်မှုလုပ်ငန်းများအပြင် အခြားလူမှုစီးပွားကဏ္ဍလုပ်ငန်းစုံတွင် တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ရာ နည်းပညာဖွံ့ဖြိုးမှုနောက် မကျစေရန်၊ ပြည်သူ့အကျိုးစီးပွားအတွက် အမှန်တကယ်အားထားရသော ခေတ်မီနည်းပညာရှင်ကောင်းများကို ပျိုးထောင်ပေးရန်၊ စီမံကိန်းမှရရှိသော နိုင်ငံတကာနည်းပညာ မျှဝေဖလှယ်မှုများကို အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်တွေ့ကျကျအသုံးချနိုင်ရေးဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများအားလုံးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
နိုဝင်ဘာ ၂၂ ရက်အထိ ဖွင့်လှစ်မည်
ထို့နောက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး သင်တန်းဆရာများက မိတ်ဆက်စကားပြောကြားကြသည်။ အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ပြင်ပအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီမံကိန်းအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၂၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်