ရန်ကုန် နိုဝင်ဘာ ၁၂
၂၀၁၄ ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ယခုအခါ တတိယသက်တမ်းသို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာပေနှင့် သတင်းမီဒီယာနယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ ပါဝင်သော ကောင်စီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတတိယသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို သတင်းမီဒီယာဌာနအသီးသီးမှ သတင်းမှန်ထုတ်ပြန်နိုင်ရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သတင်းတုသတင်းမှားများကို စိစစ်ဝေဖန်သုံးသပ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများတွင် ဟောပြောပွဲများကျင်းပလျက် သတင်းမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတကာသတင်း မီဒီယာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များနှင့် ညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုကိစ္စများအပေါ်တွင်လည်း နှစ်ဖက်ညှိနှိုင်းဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တတိယသက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့သည်များကို မှတ်တမ်းအဖြစ် ပြုစုထားရှိသည့် “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ တတိယသက်တမ်းလှုပ်ရှားမှုပုံရိပ်များ (၂) စာအုပ်”ကို ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သည်။
အဆိုပါ စာအုပ်ကို ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာလုပ်ငန်းနှင့် ဆက်စပ်ပြီး စိတ်ပါဝင်စားသောအဖွဲ့အစည်းများ၊ စာကြည့်တိုက်များ၊ လေ့လာလိုသူများအတွက် အခမဲ့ဖြန့်ချိလှူဒါန်းလျက်ရှိပြီး မည်သည့်စာကြည့်တိုက်များမဆို မှတ်တမ်းအဖြစ်ထားရှိလိုပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖုန်း - ၀၉၄၄၈၀၂၆၃၂၆ သို့ ဆက်သွယ်မှာကြားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အခမဲ့ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်