နေပြည်တော် နိုဝင်ဘာ ၁၀
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။
မိုးအခြေအနေနှင့် မိုးရွာရက်
မိုးရွာသွန်းမှုအခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာနိုင်သည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လေးရက်မှခြောက်ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တစ်ရက်မှသုံးရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်။
ညအပူချိန်
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အထက်ပိုနိုင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်သည်။
မြူအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လေးရက်မှ ရှစ်ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တစ်ရက်မှ သုံးရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သည်။
မြစ်ရေအခြေအနေ
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် နှစ်ပေမှ သုံးပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် နှစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ နှစ်ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် လေးပေခန့်နှင့် မဒေါက်မြို့တွင် တစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် တစ်ပေခွဲခန့်နှင့် ပဲခူးမြို့တွင် ရှစ်ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေမှလေးပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခွဲခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ပေခန့် လက်ရှိရေမှတ်များ အောက်ကျဆင်းလာနိုင်သည်။
မိုး/ဇလ