Skip to main content

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးကော်မတီအောက်ရှိ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၇

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီအောက်ရှိ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

အစည်းအဝေးသို့ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Xing Xing နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်မှ အဓိကစီမံကိန်းကြီးများနှင့် အခြားစီမံကိန်းများ အကောင်အထည်ဖော်ရေး၊ တရုတ် - မြန်မာနှစ်နိုင်ငံ ရေကြောင်းပညာနှင့်လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်ကြသည့် တရုတ်နိုင်ငံကိုယ်စားလှယ်များသည် ရန်ကုန်ဆိပ်ကမ်းသီလဝါရှိ နိုင်ငံတကာ ဆိပ်ကမ်းတံတားများသို့ သွားရောက်လေ့လာကြကြောင်း သိရသည်။

အလှည့်ကျကျင်းပ

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး ကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့တွင် ပါဝင်သော သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ အစည်းအဝေးများကို ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်