နေပြည်တော် အောက်တိုဘာ ၂၄
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် နေပြည်တော်၌ ကျင်းပလျက်ရှိရာ ညီလာခံပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ပတ္တမြားခန်းမ၌ကျင်းပသည်။
ညီလာခံပိတ်ပွဲ အခမ်းအနားသို့ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲချုပ်များ၊ အဆင့်မြင့် ရဲအရာရှိ ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ညီလာခံပိတ်ပွဲ အခမ်းအနားတွင် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ၏ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခြင်း၊ အာဆီယံရဲအဖွဲ့ အထိမ်းအမှတ်ကမ္ပည်းပြားကို (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းတော်ဝင်ရဲအဖွဲ့သို့ လွှဲပြောင်းပေးခြင်း၊ ထိုင်းတော်ဝင်ရဲအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဝမ်းမြောက်ကြိုဆိုကြောင်း ပြောကြားခြင်းနှင့် ထိုင်းနိုင်ငံ၏ သဘာဝအလှတရားများကို ဖော်ကျူးထားသည့် ဗီဒီယိုအားပြသခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ညီလာခံအပိတ်မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ကြပြီး ညပိုင်းတွင် နှုတ်ဆက်ဂုဏ်ပြု ညစာစားပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား နေပြည်တော်တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံကျင်းပစဉ်ကာလအတွင်း အောက်တိုဘာ၂၃ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့အကြား သီးခြားစီတွေ့ဆုံ၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်ဆွေးနွေးခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများကျင်းပခြင်း၊ လက်ရှိအိမ်ရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ၂၀၂၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းတော်ဝင် ရဲအဖွဲ့တို့အကြား ချစ်ကြည်ရေး ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပခြင်း၊ ဧည့်သည်တော်များ၏ ဇနီးများအတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်သည့် အစီအစဉ်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်လေ့လာ ခြင်း၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ အမျိုးသားပြတိုက်တို့အား သွားရောက်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများအား ကြည့်ရှုလေ့လာခြင်း၊ ဒုတိယအကြိမ် စုံညီအစည်းအဝေးကျင်းပ ခြင်းနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်