နေပြည်တော် အောက်တိုဘာ ၂၄
၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးများနှင့် သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ အိန္ဒိယနည်းပညာနှင့်စီးပွားရေး (India Technical and Economic Cooperation) ITEC ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဦးစွာရှင်းလင်းပြောကြားပြီး ယခုကျင်းပသည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်းကို ဖော်ပြခြင်းပင်ဖြစ်ပါကြောင်း၊ မကြာမီက မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်ကိုကျင်းပခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း၌လည်း မိမိတို့အိန္ဒိယနိုင်ငံ၌ ဒီဝါလီပွဲတော်ကိုကျင်းပမည်ဖြစ်ကြောင်း၊ ထိုပွဲတော်နှစ်ရပ်လုံးမှာ မီးထွန်းပွဲတော်များဖြစ်ပြီး တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်သကဲ့သို့ အိန္ဒိယနှင့်မြန်မာလူမျိုးများ အတူတကွပေါင်းစည်းထားသည့် ဆွေမျိုးရင်းချာပမာ ရင်းနှီးသောဆက်ဆံရေး၏ ရောင်ပြန်ဟပ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးထွန်းပွဲတော်များ၏ ဖြစ်တည်မှုစိတ်ဓာတ်ဖြင့် သမိုင်းဝင်ပြီး အားရဖွယ်ကောင်းသည့် ယခုအခမ်းအနားသည် မိမိတို့၏ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေကာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ဆက်လက်ထွန်းလင်းပါစေကြောင်း၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပသည့် ယနေ့အခမ်းအနားတွင် မိမိအနေဖြင့် အထူးဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အိန္ဒိယနည်းပညာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အသိပညာမျှဝေမှု၊ မိတ်ဖက်ထူထောင်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးပိုမိုရရှိရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်မှုမှတစ်ဆင့် ဆောင်ရွက်မှုတို့အပေါ်ထားရှိသည့် သန္နိဋ္ဌာန်ကိုညွှန်ပြသည့်အမှတ်တံဆိပ်တစ်ခုအဖြစ် ကာလရှည်ကြာစွာ ရပ်တည်ဆောင်ရွက်နေသည့် အစီအစဉ်ကောင်းတစ်ခုဖြစ်သည်ကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံအကြားအလွန်ထူးခြားသည့်ဆက်ဆံရေးနှင့် နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်ရေးရရှိသည့်အချိန်မှစပြီး ထူထောင်ထားရှိနိုင်ခဲ့သည်ကို အားရဝမ်းမြောက်ဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ပါထိစပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်း ဦးစားပေးဝါဒ (Neighbourhood First Policy)” နှင့် “အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy)" တို့၏ ဆုံမှတ်တွင်တည်ရှိနေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်းတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့အကြား အချက်အခြာကျသည့်နေရာတွင်တည်ရှိနေပြီး တောင်အာရှနှင့်အရှေ့တောင်အာရှကို ဆက်သွယ်ပေးခြင်းကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် စတင်ထူထောင်မှု၏ နှစ် (၆၀) ပြည့် အခါသမယ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းနှင့်အတူ မိမိအနေဖြင့် အစီအစဉ်နှင့်ပတ်သက်သည့် အချက်အချို့ကို ဖော်ပြပြောကြားလိုကြောင်း၊ ယခုအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင်စတင်ခဲ့ရာမှ ယခုအခါ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) တို့က ဝန်ထမ်းပေါင်း နှစ်သိန်းကျော်တို့ကို လေ့ကျင့်ပို့ချပေးနိုင်ခဲ့ပြီဟုသိရကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်နှင့်ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက်လည်း အရေးပါသည့်အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ကဏ္ဍမျိုးစုံမှ ကျွမ်းကျင်ဝန်ထမ်းများအတွက် အကျိုးများစွာဖြစ်ထွန်းစေခဲ့ပြီး လေ့ကျင့်ရေးသင်တန်းများကိုလည်း ပို့ချပေးနိုင်ခဲ့ကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ ဘာသာရပ်အလိုက် ကာလတို၊ ကာလရှည်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်သင်တန်းများနှင့် သုတေသနအစီအစဉ်များ များစွာစီစဉ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းခဲ့သည်ဟု သိရှိရသည့်အတွက်လည်း အိန္ဒိယအစိုးရနှင့်တာဝန်ရှိသူများကို ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုကြောင်း၊ ထို့ပြင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းများကို ယခင်ကပို့ချပေးခဲ့သည်ကိုလည်း သိရှိရကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ ဖွင့်လှစ်ပို့ချသည့် သင်တန်းများကို တက်ရောက်ပြီးမြောက်အောင်မြင်ခဲ့ကြသည့် မိမိတို့၏ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်တပ်တစ်အား အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ယခုအခါ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေသူများရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့ တတ်ကျွမ်းမှတ်သားလာသည့် ကျွမ်းကျင်မှုနှင့် အသိပညာများနှင့် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် တီထွင်ကြံဆမှုများနှင့် သုတေသနလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အထောက်အပံ့များစွာရရှိပြီး အကျိုးများစွာရှိသည်ကို ပြောကြားလိုကြောင်း၊ ထို့ပြင် မိမိတို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများမှာသာမက အခြားကဏ္ဍများတွင်လည်း တိုးတက်လျက်ရှိပြီး မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးအတွက် အကျိုးပြုလျက်ရှိကြောင်း။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၅၀ ဒသမ ၁၈၁ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် ၁၁ တွင် ရှိနေကြောင်း။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခုအိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့်အုတ်မြစ်သဖွယ် လမ်းစဖော်မြှင့်တင်ပေးခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း။
အခွင့်အခါကြုံခိုက်တွင် ပြောကြားလိုသည်မှာ ရာဂိတိုင်ဖွန်းမုန်တိုင်း၏ ဆိုးရွားသည့် သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများက ပြည်သူများအတွက် အိန္ဒိယအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများနှင့် ကယ်ဆယ်ရေးအထောက်အပံ့များကို အလျင်မြန်ဆုံး လှူဒါန်းပေးခဲ့သည့်အတွက် များစွာကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ အိန္ဒိယနိုင်ငံသည် တကယ့်မိတ်ဆွေကောင်းအဖြစ် အရေးပေါ်အခြေအနေတွင် ကူညီပေးခြင်းသည် ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းပီသမှုကို ထင်ဟပ်စေကြောင်း၊ အကယ်၍ မိမိတို့အနေဖြင့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများနှင့် ကြိုတင်သတိပေးစနစ်တွင်အသုံးပြုနိုင်မည့် ပထဝီသတင်းအချက်အလက်နှင့် အဝေးအာရုံခံစနစ် (Geographic Information (GIS) and remote sensing) စသည့်နည်းပညာများဆိုင်ရာသင်တန်းများ တက်ရောက်လေ့လာပံ့ပိုးမှုများရရှိထားခဲ့မည်ဆိုပါက ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South cooperation) ဆိုသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် အင်အားစုဖြစ်သည်ဟု ရှုမြင်ကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အောင်မြင်မှုကို ဂုဏ်ပြုသည့် ယနေ့အစီအစဉ်မှသည် နောင်လာမည့်နှစ်များတွင် ပိုမိုကြီးမားသော အောင်မြင်မှုများရရှိပါစေကြောင်းကို ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တူညီတဲ့မျှော်မှန်းချက်များကိုအခြေပြုပြီး မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်ဆက်ဆံဆောင်ရွက်ရေးတို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ခိုင်မြဲလာမည်ဟု ယုံကြည်ထားပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် (Quick Impact Projects-QIPs) အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဒီဂျစ်တယ်မှုခင်းသိပ္ပံဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့်ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ရေထောက်ပံ့ရေးစီမံချက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သောဓာတ်ငွေ့အမျိုးအစား ရေပလတ်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ်သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက် စသည့်နားလည်မှု စာချွန်လွှာများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲတို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့အား သက်သေထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရှေ့မှောက်တွင်လဲလှယ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆွာမိ ဝိဝေခနန္ဒာ ယဉ်ကျေးမှုစင်တာ (Swami Vivekananda Cultural Centre - SVCC) မှ ကျောင်းသား၊ ကျောင်းသူများ၊ Ramayana အကအဖွဲ့တို့က အိန္ဒိယယဉ်ကျေးမှုအကအလှများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှအနုပညာရှင်များက Ramayana အက၊ မြန်မာ့ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC သင်တန်းသားဟောင်းများက အတွေ့အကြုံများ မျှဝေရှင်းလင်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။