Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားယာဉ်အပိုပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၅ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၁၃ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုးနှင့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၂၈၂၅၆၃၂၆) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၄၄၈၆၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၂၇၀၄၉၂၆ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁၁ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၉ ဒသမ ၉၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၈၉၁၆၀) ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၆၈၉၁၆၀ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၃၃၉၄၀၈၆) ကို ဖမ်းဆီးရမိခဲ့သည်။ ယနေ့ ဖမ်းဆီးရမိမှုများတွင် စက်ယန္တရား ယာဉ်အပိုပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကိုတွေ့ရှိရပြီး ထိုကဲ့သို့ တရားမဝင်ပစ္စည်းများ တင်သွင်းလာမှုကြောင့် တရားဝင်တင်သွင်းသည့် လုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာမှုဖြစ်စေခြင်းနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သဖြင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်