ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ ကုန်စည်ဈေးနှုန်းတည်ငြိမ်စေရေး သည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေးအတွက် အရေးကြီးသောအချက်ဖြစ်သည်။ လူမှုစီးပွားဘဝများတွင် ရောင်းသူ၊ ဝယ်သူရှိနေရုံဖြင့်မပြီးပေ။ ရောင်းသူနှင့် ဝယ်သူကြား ကွင်းဆက်များအားလုံး လိုက်လျောညီထွေချောမွေ့မှသာ ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းများ တည်ငြိမ်ပြီး ပြည်သူများ အဆင်ပြေချောမွေ့မည်ဖြစ်သည်။
ပြည်သူများ၏ လူမှုစီးပွားဘဝများတွင် အခြေခံကျပြီး အရေးပါဆုံး ဆန်နှင့် စက်သုံးဆီ အဓိကကုန်ပစ္စည်းနှစ်မျိုးနှင့်ပတ်သက်သည့် ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ စားသုံးမှုစသည့် လုပ်ငန်းစဉ်တစ်လျှောက်ရှိ ဆောင်ရွက်လျက်ရှိသည့် ကွင်းဆက်များအားလုံး လိုက်လျောညီထွေ ဟန်ချက်ညီညီ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်မှသာ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ပြီး တည်ငြိမ်သောကုန်စည်ဈေးနှုန်းကို ရေရှည်တည်ဆောက်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် ဆန်ဈေးနှုန်းအနေဖြင့် တည်ငြိမ်ဆဲဖြစ်သော်လည်း လာမည့်ကာလများအတွက် ဈေးနှုန်းအပြောင်းအလဲဖြစ်ပြီး စိုက်ပျိုးသူတောင်သူများ နစ်နာမှုမရှိစေရန်ရှေးရှုလျက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်လုပ်သူနှင့် စားသုံးသူကွင်းဆက်များအကြား ဈေးနှုန်းအပြောင်းအလဲများဖြစ်ပေါ်မှုကြောင့် အခြေခံရည်ညွှန်းစပါးတင်း ၁၀၀ ၏ ဈေးနှုန်းကို ၂၀၂၁ ခုနှစ်က ၅၄၀၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်က ၇၅၀၀၀၀ ကျပ်၊ ၂၀၂၄ ခုနှစ်က ၉၅၀၀၀၀ ကျပ်သတ်မှတ်ပေးခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ခုနှစ် အတွက် ၁၁၅၀၀၀၀ ကျပ် သတ်မှတ်ပေးခဲ့သည်။
စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့် မျှတသောဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ ဈေးနှုန်းကို ထိုသို့ နှစ်အလိုက် သတ်မှတ်ပေးခဲ့ရာ စိုက်ပျိုးသူတောင်သူလယ်သမားများအတွက် တွက်ခြေကိုက်ပြီး စားသုံးသူပြည်သူများအတွက်လည်း အဆင်ပြေစေမည့် မျှတသောဈေးနှုန်းများကို ကွင်းဆက်တစ်လျှောက်လုံး ပါဝင်ပတ်သက်သူများအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။ ယခုသတ်မှတ်လိုက်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၅ ခုနှစ် မိုးစပါးနှင့် ၂၀၂၆ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။ စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်အမျိုးမျိုးနှင့် သွင်းအားစုစရိတ်များအပေါ်မူတည်၍ သတ်မှတ်လိုက်သော ရည်ညွှန်းစပါးဈေးနှုန်းနှင့် တွက်ခြေကိုက်ရန်လိုမည်ဖြစ်သည်။ တောင်သူလယ်သမားများအဖို့ ရာသီဥတုအခြေအနေ၊ ကုန်ထုတ်လုပ်မှုစရိတ်နှင့် သွင်းအားစုအမျိုးမျိုးတို့၏ ကွင်းဆက်တစ်လျှောက်တန်ဖိုးများအပေါ် မူတည်ပြီး တွက်ခြေကိုက်ခြင်း/မကိုက်ခြင်းရှိမည်ဖြစ်၍ ထုတ်လုပ်သူတောင်သူများနှင့် စားသုံးသူပြည်သူများအကြား သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပေါ်လာအောင် ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
အလားတူပင် စက်သုံးဆီဈေးနှုန်းအနေဖြင့် စက်သုံးဆီကို ပြည်ပမှ ဝယ်ယူ တင်သွင်းအသုံးပြုရာ၌ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့််ဖြူး ရောင်းချနိုင်ရန် နိုင်ငံတော်က ရာခိုင်နှုန်းတစ်ခု စိုက်ထုတ်ကျခံ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံတွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် ဒေသတွင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အထိုက်အလျောက် သက်သာမှုများ ရရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့ထက် ဈေးနှုန်းအနည်းငယ်မြင့်သော်လည်း ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ထက် စက်သုံးဆီဈေးနှုန်း များစွာသက်သာနေရာ ပြည်သူများ အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် နိုင်ငံတော်၏ ဆောင်ရွက်ပေးနေမှုများနှင့် အတူ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူလူထု လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်စေရေး၊ ကုန်စည်ဈေးနှုန်းများ အပြောင်းအလဲနည်းစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး ပြည်သူလူထုအတွက် အခြေခံအကျဆုံးဖြစ်သည့် ဆန်၊ စက်သုံးဆီကဲ့သို့ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားဖြန့်ဖြူးရောင်းချရာတွင် ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့် မိမိအကျိုးစီးပွား၊ အများပြည်သူအကျိုးစီးပွား မျှတစွာဖြစ်ထွန်းရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
