Skip to main content

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်သည့် ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ စက်တင်ဘာလ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုများကို တစ်ပေါင်းတည်း ရှင်းလင်းပြောကြားသွားပါမယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန်ရယူခဲ့ရခြင်းရဲ့ အဓိက အခြေခံအကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒါနိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။ ဒါကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။

လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံး နည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့ အဓိကတာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ့်နည်းလမ်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေတည်ထောင်ပြီး အကြမ်းဖက်မှုတွေကျူးလွန်ခဲ့ပါတယ်။ ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့ပြည်သူလူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။

ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုများစွာ ထိခိုက်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ဒီကြေညာချက်ကို ထုတ်ခြင်းဖြစ်ပါတယ်။ ဒီကြေညာချက်ထုတ်ပြန်ရ ခြင်း အကြောင်းရင်းတွေကတော့ (၁) ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတိုင်းနေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီးလှပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်းကာလ ရေကြီးရေလျှံမှုဒဏ်တွေ၊ သဘာဝဘေးဒဏ် ခံခဲ့ရပါတယ်။ နှစ် ၅၀/ ၁၀၀ အတွင်းမှာ အဆိုးရွားဆုံး ဖြစ်စဉ်ပါပဲ။ ဒီအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ပြည်သူတွေအပေါ်မှာ တစ်ပူပေါ်နှစ်ပူအဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ဒီနေ့နိုင်ငံတကာအခြေအနေတွေကိုလေ့လာကြည့်ရင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားပြိုင်ဆိုင်မှုဟာ ပိုမိုများပြားပြင်းထန်လာတာကိုတွေ့ရပါမယ်။ ရုရှား-ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ် ကိစ္စတွေဟာထင်ရှားတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့နိုင်ငံလို နိုင်ငံငယ်တွေအနေနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှုခိုင်မာဖို့ လိုအပ်ပါတယ်။ ပြည်တွင်း စည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာ ပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါ့ကြောင့်လည်း ပြည်တွင်းညီညွတ်မှုကိုဦးတည်ပြီး ဒီကြေညာ ချက်ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆန္ဒသဘောထားတွေကြောင့်ပါပဲ။ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝလုံခြုံရေး၊ တိုးတက်ရေးကိုလိုလားတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ အကြံပြု၊ ဆန္ဒပြုကြပါတယ်။ ဒီအဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ကျွန်တော်တို့အစိုးရက ကျေးဇူးအထူးတင်ပါကြောင်းနဲ့အထူး အလေးထားပါကြောင်းလည်း ပြောကြားလိုပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ခဲ့ရချိန်ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို နိုင်ငံ့ခေါင်းဆောင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေး နိုင်ရေး ထုတ်ပြန်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးသေး တဲ့အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ခေါင်းဆောင် များနဲ့ ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ၃ ကြိမ် တိုင်တိုင်ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း NCA လက်မှတ်ရေးထိုးထားတဲ့ EAO များနဲ့ ၅၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ EAO များနဲ့ ၂၄ ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ ၁၅ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ State Holder များနဲ့ ၃ ကြိမ်၊ စုစုပေါင်း ၉၈ ကြိမ် ဆွေးနွေးနိုင်ခဲ့ပါတယ်။ လက်ရှိဖြစ်ပွား နေတဲ့ အကြမ်းဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ၊ ပြည်သူပိုင် အခြေခံအဆောက်အဦတွေ၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ များစွာဆုံးရှုံးခဲ့ရပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီတဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ရခြင်းပဲဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်မှာ စစ်မှန်တဲ့စေတနာရှိရင် ပြည်သူကိုမျက်နှာမူ၊ ငြိမ်းချမ်းရေးကိုရှေးရှုကြပါ။ ပြည်သူ့ဆန္ဒအလေးထား၊ အကြမ်းဖက်လုပ်ငန်းစဉ်များကို ရှောင်ရှားကြပါ။ ပြည်သူ့အရေးအလေးပေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြပါလို့ ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။