Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ တောင်ငူမြို့သို့ရောက်ရှိပြီး အရေးပေါ်ဆေးကုသမှုဌာန၊ အထူးကုပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ကျေက်ကပ်သွေးသန့်စင်ခန်းနှင့် ခွဲစိတ်ခန်းများကို သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးသည်။

ထို့နောက် ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့ရှိ ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော အရေးပေါ်ဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရေဘေးသင့်ဒေသများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အထူးကုဆရာဝန်ကြီးများ အပါအဝင် သူနာပြုဆရာမကြီးများအနေဖြင့် လူနာများအား မိသားစုသဖွယ်စဉ်းစား၍ ပြုစုစောင့်ရှောက် ကုသပေးကြရန်နှင့် လူနာဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အဆိုပါ နိုင်ငံပိုင်ပစ္စည်းများဆုံးရှုံးမှုမရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ မိမိတို့အနေဖြင့် အရေးပေါ်ဆေးကုသရေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ စေလွှတ်ရာတွင်လည်း လိုအပ်သောပစ္စည်းများကို တစ်ပါတည်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေဘေးကယ်ဆယ် ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ လှူဒါန်းမှုရရှိစေရန်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ ပြည်သူများသိရှိအောင် ထုတ်ပြန်ထားသော အလှူရှင်များအတွက် တိုက်တွန်းပန်ကြားချက်ကို လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ကျန်းမာရေးဝန်ထမ်း ၇၀ အတွက် ထောက်ပံ့ငွေကျပ် ၃၅ သိန်း၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှကျန်းမာရေးဝန်ထမ်းများနှင့် ရေဘေးသင့်ဒေသများသို့သွားရောက်၍ တာဝန်ထမ်းဆောင်လျက်ရှိကြသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၄၉၀ နေထိုင်လျက်ရှိသော ဒက္ခိဏရာမရေဘေးကယ်ဆယ်ရေးစခန်းနှင့် ရေဘေးသင့်ပြည်သူ ၅၁၂ ဦး နေထိုင် လျက်ရှိသော အ.ထ.က (၃) ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုကာ ရေဘေးသင့်ပြည်သူများအားတွေ့ဆုံပြီး အားပေးစကားပြောကြား သည်။

ယင်းနောက် ဒက္ခိဏရာမစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုဏ္ဍလအားဖူးမြော်၍ အလှူငွေများဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၃၆၀၄၀၀ ထောက်ပံ့လှူဒါန်းကာ ဒက္ခိဏ ရာမစာသင်တိုက်၌ ဖွင့်လှစ်ထားသော ဇီဝကအခမဲ့ဆေးခန်းတွင် အရေးပေါ်ဆေးအဖွဲ့နှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများအား လတ်ဆတ်သောအစားအစာနှင့် ပူပူနွေးနွေးချက်ပြုတ်ထားသော အစားအစာကိုသာစားသုံးရန်၊ ရက်ကျော်နှင့် အချိန်ကျော်သိမ်းထားသော အစားအစာများကို စားသုံးခြင်းမပြုရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ မိမိတို့နေအိမ်ရှိ သောက်ရေသုံးရေများကို ရေသန့်ဆေးပြာထည့်ပြီးမှသာ အသုံးပြုရန်နှင့် နေအိမ်များသို့ ပြန်ရောက်သည့်အခါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောနေအိမ်များသို့ ပြန်လည်သွားရောက်နေထိုင်ချိန်တွင် သတိပြုလိုက်နာဆောင်ရွက်ရန် အချက်များကို လိုက်နာဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။

ပဲခူးတိုင်းဒေသကြီး၌ အရေးပေါ်ဆေးအဖွဲ့များအနေဖြင့် တောင်ငူမြို့နယ်တွင် ၁၄ ဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ၉၀ မှ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ နေ့စဉ်သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။     

သတင်းစဉ်